အင်္ဂလိပ်ဘာသာကို
ယနေ့ကမ္ဘာနှင့်အ၀ှမ်း သုံးစွဲနေကြသည်။ ယနေ့ ကမ္ဘာ့ဗဟုသုတအထွေထွေကို အင်္ဂလိပ်စာပေမှတစ်ဆင့်
လေ့လာဖတ်ရှုရသည်။ အင်္ဂလိပ်စာပေသည် ကမ္ဘာ့ဆက်သွယ်ရေး ပေါင်းကူးတံတားသဖွယ် ဖြစ်လာပေပြီ။
သို့ဖြစ်၍ အင်္ဂလိပ်ဘာသာဖြင့် ဗုဒ္ဓသာသနာကို ကမ္ဘာသို့ ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ချက်များဖြင့်
အင်္ဂလိပ်ဘာသာကို သင်ကြားပို့ချပေးခြင်း ဖြစ်သည်။
အချို့က သာသနာ့တက္ကသိုလ်မှ သင်ရိုးစာအုပ်များကို
အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားပါသလား? ဟု မေးလေ့ရှိကြသည်။ ဤအမေးကို မဖြေဆိုမီ မြန်မာရဟန်းတော်များ၏
အင်္ဂလိပ်စာအဆင့်အတန်းကို စဉ်းစားရန် လိုအပ်လာသည်။ သာသနာ့တက္ကသိုလ်သို့ တက်ရောက်မည့် ရဟန်းတော်များသည်
ပထမကြီးတန်းအောင်ထားသူ ဖြစ်ရသည်။ ပထမငယ်၊ ပထမလတ်မှသည် ပထမကြီးတန်း အောင်မြင်သည်အထိ
ပဌမပြန်စာမေးပွဲ သက်တမ်းတစ်လျှောက်လုံး အင်္ဂလိပ်စာကို ဘာသာရပ်တစ်ခုအနေဖြင့် မသင်ယူခဲ့ရသဖြင့်
ထိုရဟန်းတော်များ၏ အင်္ဂလိပ်စာအခြေခံမှာ ဖိုးသုညအဆင့်တွင်သာ
ရှိခဲ့ပါသည်။
အင်္ဂလိပ်စာဘာသာကို သာသနာ့တက္ကသိုလ်ရောက်မှ စ၍
လေ့လာသင်ယူကြရခြင်းဖြစ်သည်။ ဤအခြေအနေတွင် အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားသည့် သင်ရိုးစာအုပ်များကို
အင်္ဂလိပ်ဘာသာစကားဖြင့် ပို့ချပေးမည်ဆိုပါက သင်ရိုးညွှန်းတမ်းနှင့် သင်တန်းသား လိုက်လျောညီထွေမှု
မဖြစ်နိုင်တော့ပေ။ သာသနာ့တက္ကသိုလ်က ပို့ချသည်ကို လိုက်နိုင်သည့် အဆင့်အတန်း ရောက်အောင်
ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အပြင်လောကမှာ အနည်းဆုံး (၂)နှစ် (၃)နှစ် သင်ယူရဦးမည် ဖြစ်သည်။
ဤအစီအမံမှာ ရေရှည်အားဖြင့် တွက်ခြေမကိုက်နိုင်ပါ။
သို့ဖြစ်၍ သင်ရိုးညွှန်းတမ်းနှင့် စာသင်သား
လိုက်ဖက်စေရန် သာသနာ့တက္ကသိုလ်များ၍ မြန်မာစာ မြန်မာစကားဖြင့်သာ သင်ကြားပို့ချပါသည်။
သို့သော် သာသနာ့တက္ကသိုလ်၌ (၄)နှစ်သင်တန်းပြီးဆုံးအောင် သင်ယူတတ်မြောက်ပြီးထားသော ရဟန်းတော်
တစ်ပါးအဖို့ အင်္ဂလိပ်စာ တတ်ကျွမ်းမှုအဆင့်မှာ အမြင့်ဆုံးမဟုတ်သည့်တိုင် လိုအပ်သည့် အတိုင်းအတာတစ်ခုအထိ
သက်ရောက်မှု ရှိနေပြီ ဖြစ်ပါသည်။
No comments:
Post a Comment