Saturday, 22 August 2015

ပါဠိစာပေအကြောင်း သိကောင်းစရာ

မြတ်စွာဘုရားရှင်လက်ထက်က အန္ဒိယနိုင်ငံမှာ တိုင်းကြီး(၁၆)တိုင်း ရှိတယ်လို့ အန္ဒိယနိုင်ငံသမိုင်း များမှာ ဖော်ပြပါတယ်၊၊ ထိုတိုင်းကြီး(၁၆)တိုင်းထဲမှာ ဥဇ္ဇေနီပြည်နှင့် မာဂဓတိုင်းတို့မှာ ပါဠိဘာသာစ ကားကို နိုင်ငံတော်ရုံးသုံး ဘာသာစကားအဖြစ် အသုံးပြုကြပါတယ်တဲ့၊၊မြတ်စွာဘုရားရှင်ရဲ့ အတ္ထုပ္ပတ္တိကို လေ့လာကြည့်တဲ့အခါမှာလည်း ဘုရားရှင်သည် မာဂဓတိုင်းမှာ အနေများတာကို တွေ့ရပါတယ်၊၊ မြတ်စွာဘုရားရှင်အနေဖြင့် သူအနေများသည့် မာဂဓတိုင်းဘာသာစကားဖြင့် များစွာ သော တရားတော်များကို ဟောကြားခဲ့လိမ့်မည်ဟု ပါဠိသုတေသီတို့ ခန့်မှန်းကြပါသည်၊၊မြတ်စွာဘုရားရှင် အသက်ရှင်နေထိုင်ပြီး(၄၅)နှစ်ကြာ ဟောပြောသင်ပြခဲ့သမျှကို ပါဠိစာပေဟုခေါ် ဆိုတာ ဖြစ်ပါတယ်၊ ဗုဒ္ဓရှင်တော်၏ ဟောပြော သင်ပြချက်များဖြစ်သောကြောင့် ဗုဒ္ဓစာပေဟုလည်း ခေါ်ပါသည်၊၊ ပါဠိစာပေသည် ကျယ်ပြန့်လွန်းအားကြီးလို့ အပိုင်းကြီး သုံးပိုင်းခွဲထားရပါတယ်၊၊ အပိုင်းကြီးသုံးပိုင်းဆိုတာ---(၁) ၀ိနယ ပါဠိစာပေကဏ္ဍ၊(၂) သုတ္တန္တ ပါဠိစာပေကဏ္ဍ၊(၃) အဘိဓမ္မာ ပါဠိစာပေကဏ္ဍ၊ တို့ဖြစ်ပါတယ်၊၊၀ိနယ ပါဠိစာပေဆိုတာကိုပဲ “၀ိနယ ပိဋက”လို့ခေါ်တွင်ပါတယ်၊ သုတ္တန္တ ပါဠိစာပေကို “သုတ္တန္တ ပိဋက” လို့ ခေါ်ပါတယ်၊ အဘိဓမ္မာ ပါဠိစာပေကိုတော့ “အဘိဓမ္မာပိဋက”လို့ခေါ်ပါတယ်၊၊ ပေါင်းလိုက်ရင် “တိပိဋက ပါဠိစာပေ”ဆိုတာ ဖြစ်လာပါတယ်၊၊ ဗုဒ္ဓစာပေလို့လည်း ခေါ်ပါတယ်၊၊ မြန်မာလိုအားဖြင့် ပိဋကတ်သုံးပုံလို့ ခေါ်ကြပါတယ်၊၊(က) ၀ိနယ ပိဋကမှာ အုပ်ရေ (၅)အုပ်၊ စာမျက်နှာပေါင်း (၂၂၆၀)ရှိပါတယ်၊၊(ခ) သုတ္တန္တ ပိဋကမှာ အုပ်ရေ (၂၃)အုပ်၊ စာမျက်နှာပေါင်း (၁၀၈၉၈)ရှိပါတယ်၊၊(ဂ) အဘိဓမ္မာ ပိဋကမှာ အုပ်ရေ (၁၂)အုပ်၊ စာမျက်နှာပေါင်း (၃၅၉၇)ရှိပါတယ်၊၊စုစုပေါင်း ပိဋကသုံးပုံမှာ စာမျက်နှာပေါင်း (၁၆၇၅၅)ရှိပြီး၊ နှစ်လက်မခန့်ထူသည့် ဆိုက်ကြီးစာအုပ် ပေါင်း(၄၀)နှင့် ကျမ်းအရေအတွက်(၅၃)မျှ ရှိပါတယ်၊၊ ပိဋကသုံးပုံတွင် သုတ်(stories)ပေါင်း (၄၀၀၀၀) ရှိသည်ဟုလည်း မှတ်သားရပါသည်၊၊“၀ိနယပိဋက”မှာ မြတ်စွာဘုရားရှင်က သာသနာတော်အတွင်းမှာရှိတဲ့ကြတဲ့ ရဟန်းတော်များနှင့် ရဟန်းအမျိုးသ္မီးများအတွက် လိုက်နာရန်စည်းကမ်းများကို သင်ပြထားပါတယ်၊၊ “သုတ္တန္တ ပိဋက”မှာ စီးပွားရေး လူမှုရေး နိုင်ငံရေး၊ ဘာသာတရား ကျင့်ဝတ်များ၊ ပညာရပ်အမျိုးမျိုး၏ အကြောင်းများ၊ ဗုဒ္ဓခေတ် အန္ဒိယနိုင်ငံ အတွေးအခေါ်များ၊ သိပ္ပံပညာအကြောင်းများ၊ ဆေးပညာအတက်များစသည့် အကြောင်းအရာ အမျိုးမျိုးကို ဟောပြောသင်ပြထားပါတယ်၊၊“အဘိဓမ္မာပိဋက”မှာတော့ သတ္တ၀ါတစ် ဦး၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းထားပုံ၊ စိတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းထားပုံများအပြင် လေးနက်သည့် အတွေး အခေါ်များ၊ စိတ်ပညာရပ်များကို သင်ပြထားပါတယ်၊၊မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုသွားတာ နှစ်ပေါင်း(၂၅၀၀)ကျော်လာပါပြီ၊ ခေတ်စနစ်ပေါင်းများစွာ ခြားခဲ့ ပါပြီ၊၊ ဒီလို ခေတ်တွေ လူနေမှုစနစ်တွေ မတူတော့တဲ့အခါ ယဉ်ကျေးမှုပုံစံ၊ ရိုးရာပုံစံ၊ အပြောအဆို၊ အနေအထိုင်ပုံစံတွေ၊ အတွေးခေါ် အယူအဆတွေ၊ ယုံကြည်မှုပုံစံများပါ မတူဖြစ်လာပါတယ်၊၊မြတ်စွာဘုရား လက်ထက်က သူ့ခေတ် သူ့အခါအလျောက် ဟောကြားချက်တွေ၊ သင်ပြချက်တွေကို ခေတ်သစ် စနစ်သစ်လူသားတို့ နားလည်ရခက်လာပါတယ်၊ တချို့ဟောကြားချက်များကို လုံးဝနား မလည်နိုင်သည်အထိ ဖြစ်လာပါတယ်၊၊ဒီလိုအခြေအနေမျိုးမှာ နားလည်ရခက်တဲ့ ဗုဒ္ဓရှင်တော်ရဲ့ သင်ပြချက် ဟောပြောချက်များကို ခေတ်အခါ အလျောက် နားလည်ရလွယ်အောင် အဓိပ္ပါယ်ဖွင့်ဆို ရေးပြထားတဲ့ပါဠိစာပေကျမ်းများ ပေါ်ထွက်လာ ပါတယ်၊၊ ထိုကျမ်းများကို အဋ္ဌကထာလို့ခေါ်ပါတယ်၊၊ ပိဋကသုံးပုံလုံးအတွက် အဋ္ဌကထာကျမ်းပေါင်း (၅၁)အုပ်ရှိတယ်လို့ ပါဠိစာပေသမိုင်းမှာ လေ့လာရပါတယ်၊၊အင်္ဂလိပ်လိုတော့ Commentary လို့ခေါ်မည် ထင်ပါသည်၊၊ မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်က မြတ်စွာဘုရားရှင်နှင့် မြတ်စွာဘုရား၏ တပည့် ကြီးများ ဟောပြောသင်ပြသည့် ပါဠိစာပေကို “ပါဠိတော်”လို့ နာမည်သုံးနှုံးပြီး၊ မြတ်စွာဘုရား လွန်တော်မူပြီး ခေတ်ပေါင်းများစွာကြာမှ ပေါ်ထွက်လာသည့် ပါဠိစာပေများကိုတော့ အဋ္ဌကထာလို့ အမည်သုံးနှုံး ပါတယ်၊၊အဋ္ဌကထာဆိုတဲ့ကျမ်းများက အဓိပ္ပါယ်ဖွင့်ဆို ရှင်းပြထားသည့်တိုင် နားလည်ရခက်နေသေးသည့် ပါဠိတော်ပုဒ်များ၊ ရှင်းမပြဘဲကျန်နေသေးသည့် ပါဠိတော်ပုဒ်များကို အဓိပ္ပါယ်ထပ်မံ ရှင်းပြထားသည့် ကျမ်းများလည်း ပေါ်ထွက်လာပါတယ်၊ ထိုကျမ်းများကိုတော့ “ဋီကာ”လို့ခေါ်ပါတယ်၊၊ပိဋကသုံးပုံအတွက် ဋီကာကျမ်းပေါင်း အုပ်ရေ(၂၆)အုပ်ရှိတယ်လို့ လေ့လာရပါတယ်၊၊ အဋ္ဌကထာနှင့် ဋီကာကျမ်းများသည် ပါဠိတော်ထက် စာအုပ်ဆိုက်များစွာ ကြီးပါတယ်၊၊စုစုပေါင်းလိုက်ရင် ပါဠိစာပေဆိုတဲ့အထဲမှာ---၁. ပါဠိတော် အုပ်ရေ (၄၀)၊၂. အဋ္ဌကထာ အုပ်ရေ (၅၁)၊၃. ဋီကာအုပ်ရေ (၂၆)၊ တို့သည် ပါဠိစာပေ၏ Primary Sources များအဖြစ် ပါဝင်ပါတယ်၊၊ဗုဒ္ဓဘာသာကို စနှစ်တကျ နားလည်သဘောပေါက်လိုသူများ၊ ဗုဒ္ဓဘာသာဆိုတာ ဘယ်လိုဘာသာမျိုးလဲဟု အသေးစိတ် သိလိုသူများအနေဖြင့် သူများပါးစပ်ဖျားတွင် လမ်းဆုံးမနေဘဲ အရှင်တင်ပြထားသည့် ဤကျမ်းကြီးများကို ပါဠိဘာသာဖြင့်ဖြစ်စေ၊ ဘာသာပြန်အကူ အညီဖြင့်ဖြစ်စေ ကိုယ်တိုင်လေ့လာ သင့်ပါတယ်၊၊ကမ္ဘာ့ဘာသာကြီးများအထဲတွင် ဗုဒ္ဓဘာသာသည် စာပေခိုင်မာ၊ သမိုင်းအထောက်ထား ခိုင်မာသည့် ဘာသာတခုဖြစ်ကြောင်း ပါဠိစာပေနှင့် ဗုဒ္ဓစာပေကို အသေးစိတ်လေ့လာသော “ရိုင်းဒေး ဗစ်”စသည့် အနောက်တိုင်း ပညာရှင်များ၊ The light of Asia စာအုပ်ကိုရေးသားခဲ့သည့် “ဆာအက် ဒ၀င် အာနိုး”စသူတို့က ဆိုပါသည်၊၊ပါဠိစာပေသည် ဤမျှကျယ်ပြန့် နက်နဲပါတယ်၊၊ အပေါ်တွင်ရေတွက်ပြထားချက်သည် ပါဠိဘာသာနှင့် စာအုပ်အရေအတွက် ဖြစ်သည်၊ ထိုပါဠိကို ဘာသာပြန်ထားသည့် မြန်မာပြန်စာအုပ်အရေအတွက်မှာ ထို့ထက် များပါသည်၊၊ပိဋကသုံးပုံလုံးနီးနီးကို အင်္ဂလိပ်ဘာသာသို့လည်း ပြန်ဆိုထားပြီး ဖြစ်ပါတယ်၊၊ ကမ္ဘာ့ဘာသာ World Religion တွင် ဗုဒ္ဓဘာသာသည် စာပေနယ်အကျယ်ပြန့်ဆုံးဖြစ်ကြောင်း ကမ္ဘာ့လုံးဆိုင်ရာ ပညာရေးအဖွဲ့၏ အစီရင်ခံစားများတွင် လေ့လာရပါသည်၊၊ဤပါဠိစာပေကိုပင် တက္ကသိုလ်ကြီးများဖွင့်လှစ်၍ နိုင်ငံပေါင်းများစွာမှာ သင်ကြားနေကြရပါတယ်၊၊ ကမ္ဘာ့တက္ကသိုလ်ကြီးများတွင်လည်း Buddhist Literature Studies ကို Main Faculties များအဖြစ် သင်ကြား နေကြရကြောင်း သိရပါတယ်၊၊တက္ကသိုလ်ကြီးတွင် ကမ္ဘာ့စာပေတရပ်အနေဖြင့် သင်ကြားရ လောက်အောင်လည်း အဆင့်မြင့်သည့် စာပေဖြစ်ပါသည်၊၊ ပါဠိစာပေမှာ လုံးဝမပါဝင်သည့် Arts and Imformations ဆိုတာ မရှိပါဘူး၊ သုတေသနပြုပြီး လက်ဆင့်ကမ်း အဆင့်မြှင့်ပြီးသာ အသုံးပြုနိုင်ကြ မယ်ဆိုရင် ယ္ခုထက်များစွာ တိုးတက်ပြီး လူတို့အကျိုးများဖွယ်ရှိပါတယ်၊၊ပါဠိတော်စာရင်း၊ အဋ္ဌကထာစာရင်းနှင့် ဋီကာစာရင်းများထဲတွင် မပါဝင်ဘဲ သီးခြားတည်ရှိနေသည့် ကျမ်းကြီးများ ရှိပါသေးတယ်၊၊ ထိုကျမ်းကြီးများကတော့ မူလဋီကာကျမ်းများ၊ အနုဋီကာကျမ်းများ၊ မဓုဋီကာကျမ်းများ၊ ယောဇနာကျမ်းများ၊ ဂဏ္ဍိကျမ်းများ၊ ဒီပနီကျမ်းများ၊ ဆိုရိုးကျမ်းများ၊ အရကောက်ကျမ်းများ ဖြစ်ပါတယ်၊၊ထိုကျမ်းကြီးများမှာ ပိဋကသုံးပုံထက်ပင် အုပ်ရေ အရေအတွက် များပါသည်၊၊ ဤကျမ်းကြီးများမှာ ပါဠိစာပေဖြင့်ရေးသားထားသည့် ကျမ်းကြီးများ ဖြစ်သောကြောင့် ပါဠိစာပေဆိုသည့် Frame ထဲတွင် ထည့်သွင်းရမည် ဖြစ်ပါသည်၊၊ ပါဠိစာပေနှင့် ဗုဒ္ဓဘာသာအကြောင်း လေ့လာလိုသူများအနေဖြင့် ဤကျမ်းကြီးများကို Secondary Sources များအဖြစ် လေ့လာရမည် ဖြစ်ပါသည်၊၊မျက်မှောက်ခေတ်တွင် “ဒေးကာနယ်ဂီ,စင်မြူရယ် စမိုင်း”တို့၏ မိတ္တဗလဋီကာကဲ့သို့သော တက်ကျမ်း များ များစွာရေပန်းစားသည်ကို သတိပြုမိသည်၊၊ ဗုဒ္ဓစာပေ (ခေါ်) ပါဠိစာပေတွင် ထိုကဲ့သို့ ကျမ်းများ လည်း ရှိပါသည်၊၊ ထိုကျမ်းများကို နီတိစာပေဟု ခေါ်ပါသည်၊၊ လောကနီတိစသည့် ကျမ်းများ ဖြစ်သည်၊၊ ပါဠိဘာသာဖြင့်ရေးသော ကျမ်းပင်ဖြစ်သောကြောင့် နီတိစာပေကိုလည်း ပါဠိစာပေထဲတွင် ထည့်သွင်းရမည် ဖြစ်သည်၊၊ပါဠိစာပေထဲတွင်နောက်ဆုံး ကျန်နေသေးသည့် ကျမ်းများမှာ “၀ံသကျမ်း”များ ဖြစ်ပါသည်၊၊ သာသနာ ၀ံသ၊ မဟာဝံသ၊ ဗောဓိဝံသ၊ ဒါဌာဝံသ၊ ဒီပ၀ံသ၊ ထူပ၀ံသစသည်ဖြင့် “၀ံသ”ကျမ်းပေါင်း(၅၀)ကျော် ရှိသည်ဟု ပါဠိစာပေသမိုင်းတွင် ဖော်ပြထားပါသည်၊၊ မြန်မာပြည်တွင်မူ “၀င်ကိုး ၀င်” တတ်ရင် စာတတ်သည်ဟု ပြောစမှတ်ရှိသည်၊၊ဤ၀ံသကျမ်းများသည်လည်း ပါဠိဘာသာဖြင့် ရေးသားထား သောကျမ်းများ ဖြစ်သောကြောင့် ပါဠိစာပေစာရင်းတွင် မှတ်သားရပါမည်၊၊ “၀ံသစာပေ”သည် ပါဠိစာပေနှင့် ဗုဒ္ဓဘာသာကိုလေ့လာ လိုသူများအတွက် Sub-secondary Sources အနေဖြင့် လေ့လာရန်လိုအပ်သော စာပေအမျိုးအစား ဖြစ်သည်၊၊ ၀ံသစာပေသည် ပါဠိတော်ကဲ့သို့ အဋ္ဌကထာ ကျမ်းများ၊ ဋီကာကျမ်းများအထိပင် ရှိသည်၊၊ ၀ံသစာပေသည် အဓိကအားဖြင့် သမိုင်းအချက် အလက် များကို ဖော်ပြထားသော ကျမ်းများဖြစ်ပါသည်၊၊သီရိလင်္ကာပါဠိစာပေတွင် ၀ံသကျမ်းပေါင်း(၅၀)ကျော်ရှိသည်ဟု သိရသည်၊၊ ယနေ့အချိန်အထိ ဤ၀ံသကျမ်းများကို တလေးတစား သင်ယူနေကြသည်ကို အရှင်ကိုယ်တိုင်ပင် သီရိလင်္ကာ Sunday School နှင့် ပရိဝေဏ (ခေါ်) စာသင်တိုက်ကြီးများတွင် တွေ့ခဲ့ရပါသည်၊၊ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာနှင့် ၀ံသစာပေများကို သင်ကြားရလွယ်ကူအောင် စီရင်ထားသော ပါဠိသဒ္ဒါကျမ်းများစွာလည်း ရှိပါသည်၊၊ Pᾶli Grammar ဟု မှတ်သားရပါမည်၊၊ ထင်ရှားသော ပါဠိသဒ္ဒါကျမ်းများမှာ ကစ္စည်းသဒ္ဒါကျမ်း၊ ပါဏိနိသဒ္ဒါကျမ်း၊ မောဂ္ဂလာန်သဒ္ဒါကျမ်း၊ သဒ္ဒနီတိဓာတု မာလာ သဒ္ဒါကျမ်း၊ ရူပသိဒ္ဓိ သဒ္ဒါကျမ်းစသည်တို့ ဖြစ်သည်၊၊ ပါဠိဘာသာဖြင့် ရေးသားထားသော သဒ္ဒါကျမ်းပေါင်း (၂၀)ခန့် ရှိသည်ဟု ကြားဖူးပါသည်၊၊ ယ္ခုအခါအချို့ ပါဠိသဒ္ဒါကျမ်းများမှာ အစအနရှာ မရ တော့ချေ၊၊ (အချို့သဒ္ဒါကျမ်းများမှာ သက္ကတမူများ ဖြစ်သည်၊၊)စင်စစ် ပါဠိသဒ္ဒါဟူသည် မြတ်စွာဘုရားရှင်ဟောကြားခဲ့သော ပါဠိတော်များ မဟုက်ချေ၊ ရှေးခေတ် ပါဠိပညာရှင် ဆရာတော်ကြီးများမှ ပါဠိစာပေ သမုဒြာကိုကူးခတ်ရင်းတူရာတူရာ ပါဠိအသွားအလာ နှင့် ပါဠိပုဒ်ပုံစံ စနစ်များကို ထုပ်နှုတ်မှတ်သားခဲ့ရာမှ ပါဠိလိုမှတ်သားခဲ့ခြင်း ဖြစ်သောကြောင့် နောင်အခါတွင် ကျမ်းအဆင့် ထိရောက်လာပြီး၊ ပါဠိစာပေတတ်လိုလျင် ပါဠိသဒ္ဒါကို အရင်တတ်အောင် သင်ရသည်အထိ ဖြစ်လာတော့သည်၊၊ အမှန်မှာ ပါဠိစာပေကို လေ့လာရာမှ ပါဠိစာပေ စနစ်ကို သိလာခြင်းသာ ဖြစ်သည်၊၊ ပါဠိသဒ္ဒါတတ်ပြီးမှ ပါဠိစာပေတတ်ခြင်း မဟုက်ဘဲ၊ ပါဠိစာပေတတ်ရာက ပါဠိစာပေ တည်ဆောက်ထားပုံ သဒ္ဒါဟူသည်ကို သဘောပေါက် နားလည်လာခြင်းဖြစ်သည်၊၊ယနေ့ခေတ်တွင်မူ “သဒတ်မတာ စပ်မတာ၊ သဒါတတ်မှ စာတတ်သည်” ဟူ၍ ပါဠိစာပေကို အစလေ့ လာသူတို့ လွဲမှားစွာ သဘောပေါက်နေကြသည်မှာ အံ့သြဖွယ်ဖြစ်သည်၊၊ ဤကဲ့သို့သော ဆိုရိုးများကို အလေးဂရုပြုလွန်းပြီး ပါဠိသဒ္ဒါစာမေးပွဲကြီးများစွာကျင်းပ၍ သဒ္ဒါကျမ်းများကိုချည်း အာရုံစိုက်နေရ သောကြောင့် ပါဠိစာပေလေ့လာသော ပါဠိစာသင်သူအချို့မှာ တကယ့်ပါဠိစာပေကို လေ့လာသည့် အဆင့်အထိ မရောက်ဘဲ၊ ပါဠိသဒ္ဒါပင်လယ်တွင် နစ်မျောကြသည်ကိုလည်း အရှင်တို့မြန်မာ ပါဠိပညာ ရေးတွင် ရင်လေးစွာ တွေ့မြင်ရပါသေးသည်၊၊သီရိလင်္ကာနိုင်ငံတွင် ပါဠိသဒ္ဒါကျမ်း များများမရှိ၊ များစွာလည်း မသင်ယူကြပါ၊ သို့သော် ပါဠိစာပေ အရာတွင် မြန်မာရဟန်းတော်များထက် သာလွန်သည်ကို ထေရာဝါဒနိုင်ငံအားလုံး သီရိလင်္ကာနိုင်ငံသို့ ငွေကုန် ကြေးကျခံပြီး ပညာသင်လာရောက် နေကြသည်က သက်သေပြုနေပါသည်၊၊ ကမ္ဘာသို့ ဗုဒ္ဓသာသနာနှင့် ဗုဒ္ဓစာပေကို ဖြန့်ဖြူးရာတွင်လည်း သီရိလင်္ကာသားတို့က အခြားထေရာဝါဒ ဗုဒ္ဓဘာ သာ နိုင်ငံသားများထက် များစွာပင်ရှေ့ရောက်သည်ကို လက်တွေ့အားဖြင့် ၀န်ခံရပေမည်၊၊ပါဠိစာပေကို အနှစ်ချုပ်ကြည့်လျင်---၁. ပါဠိတော်၊၂. အဋ္ဌကထာ၊၃. ဋီကာ၊၄. ၀ံသ၊၅. နီတိ၊၆. ပါဠိသဒ္ဒါ၊၇. မြန်မာပြန် ပိဋကသုံးပုံ၊၈. အင်္ဂလိပ်ဘာသာပြန် ပိဋကသုံးပုံဟူ၍ တွေ့ရမည် ဖြစ်ပါသည်၊၊စာဖတ်သူများ အထက်တွင် ပါဠိတော်စာအုပ်ရေ(၄၀)ရှိသည်ဟု အရှင်တင်ပြခဲ့သည်ကို မှတ်မိမည် ထင်ပါသည်၊၊ ထိုပါဠိတော် အုပ်ရေ(၄၀)မှ ပါဠိတော် အုပ်ရေ(၂၀)ကိုအလွတ်အာဂုံနှင့် သဘောရေးဖြေ အောင်မြင်စွာ ပြန်ဆို၊ ဖြေကြားနိုင်လျင် “တိပိဋကဘွဲ့”ကို မြန်မာပြည်တွင် ပေးအပ်ပါသည်၊၊တိပိဋက စာမေးပွဲအတွက် ပါဠိတော်အုပ်ရေ လေးဆယ်မှ အုပ်ရေနှစ်ဆယ်ကို ရွေးချယ်ပြီး၊ နှုတ်တက်အာဂုံနှင့်၊ သဘောအဓိပ္ပါယ်ရေးဖြေ စာမေးပွဲကြီးကို မြန်မာပြည်တွင် နှစ်စဉ်ကျင်းပ ပါသည်၊၊ စာမေးပွဲဖြေဆို သည့် ရက်ပေါင်း (၃၃)ရက် ကြာသည်ဟုလည်း တိပိဋကမှတ်တမ်းများတွင် လေ့လာရပါသည်၊၊ အရှင် လေ့ လာမိသမျှ သီရိလင်္ကာနိုင်ငံတွင်လည်း “တိပိဋကာစရိယ”ဆိုသော စာမေးပွဲကြီးရှိပါသည်၊ အလွန် ခက်ခဲသည့် စာမေးပွဲကြီး ဖြစ်သည်ဟုလည်း သိရပါသည်၊၊(၁၃၁၀)ခု မှစတင်ခဲ့သော တိပိဋကစာမေးပွဲကြီးသည် (၁၃၇၂)ခု၊ ယနေ့ဆိုလျင် နှစ်ပေါင်း(၆၂)ရှိခဲ့ပြီ၊ ဤမျှကြာသောနှစ်များအတွင်း တိပိဋကစာမေးပွဲအောင်သမြင့် တိပိဋကဘွဲ့ရရှိသွားသော မြန်မာရ ဟန်းတော်ပေါင်း(၁၂)ပါးမျှ ရှိသည်ဟုလည်း ဆိုပါသည်၊၊ တိပိဋကစာမေးပွဲတွင် ဖြေဆိုရသော သင်ရိုးပိဋက အုပ်(၂၀)မှာ---၀ိနယပိဋက အတွက်---(၁) ပါရာဇိကဏ် ပါဠိတော် (၁)အုပ်၊ စာမျက်နှာ(၂) ပါစိတ် ပါဠိတော် (၁)အုပ်၊(၃) မဟာဝါ ပါဠိတော် (၁)အုပ်၊(၄) စူဠ၀ါ ပါဠိတော် (၁)အုပ်၊(၅) ပရိဝါ ပါဠိတော် (၁)အုပ်၊ စုစုပေါင်း (၅)အုပ်၊ စာမျက်နှာ(၂၂၆၀)ဖြစ်ပါသည်၊၊သုတ္တန္တပိဋကအတွက်---(၁) သုတ်သီလက္ခန် ပါဠိတော် (၁)၊ စာမျက်နှာ(၂၃၆)၊(၂) သုတ်မဟာဝါ ပါဠိတော် (၁)၊ စာမျက်နှာ(၂၈၃)၊(၃) သုတ်ပါဌေယျ ပါဠိတော် (၁)၊ စာမျက်နှာ(၂၆၀)၊ စုစုပေါင်း (၃)အုပ်၊စာမျက်နှာပေါင်း(၇၇၉) ဖြစ်ပါသည်၊၊အဘိဓမ္မာ ပိဋကအတွက်---(၁) ဓမ္မသင်္ဂဏီပါဠိတော် (၁)အုပ်၊ စာမျက်နှာ(၂၈၉)၊(၂) ၀ိဘင်္ဂပါဠိတော် (၁)အုပ်၊ စာမျက်နှာ(၄၅၃)၊(၃) ဓာတုကထာပါဠိတော်၊ ပုဂ္ဂလပညတ်ပါဠိတော် (၁)အုပ်၊ စာမျက်နှာ (၁၀၀+၈၅=၁၈၅)၊(၄) ကထာဝတ္ထုပါဠိတော် (၁)အုပ်၊ စာမျက်နှာ(၄၉၃)၊(၅) ယမိုက်ပါဠိတော် (၃)အုပ်၊ စာမျက်နှာ(၉၀၄)၊(၆) ပဌာန်းပါဠိတော် (၅)အုပ်၊ စာမျက်နှာ(၃၅၉၇)၊၊ စုစုပေါင်း(၁၂)အုပ်၊ စာမျက်နှာပေါင်း(၄၉၉၈)၊ ဖြစ်ပါသည်၊၊ဖော်ပြခဲ့ပြီးသည့် ပါဠိတော်သက်သက် အုပ်ရေ (၂၀)၊ စာမျက်နှာ(၈၀၀၀)ကျော်ခန့်ကို သင်ရိုးပိဋကတ်ဟု ခေါ်စမှတ်ပြုပါသည်၊၊ ကျန်နေသေး သည့် ပါဠိတော် အုပ်ရေ(၂၀) ကို ကျမ်းအိပ်ဟု ခေါ်တွင်ကြောင်းလည်း မှတ်သားရပါသေးသည်၊၊ တိပိဋကစာမေးပွဲတွင် မပါဝင်ဘဲ ကျန်နေသည့် ကျမ်း(၂၀)မှာ---(၁) မဇ္ဈိမနိကာယ်မှ ပဏ္ဏာသသုံးကျမ်း (၃)အုပ်၊(၂) သံယုတ္တနိကာယ်မှ ငါးကျမ်း (၃)အုပ်၊(၃) အင်္ဂုတ္တရနိကာယ်မှ ဆယ့်တစ်ကျမ်း (၃)အုပ်၊(၄) ခုဒ္ဒကနိကာယ်မှ ဆယ့်ကိုးကျမ်း (၁၁)အုပ်၊ စုစုပေါင်း အုပ်ရေ(၂၀)ဖြစ်ပါသည်၊၊တိပိဋက စာမေးပွဲ တွင် မပါဝင်သည့်အတွက် ကျက်မှတ်သူမရှိ၍ ကျမ်းအိပ်ဟု ခေါ်တွင်နေသည့် ဤကျမ်း(၂၀)ကို ယ္ခုအခါတွင် မစိုးရိမ်ဆရာတော်ကြီး ဦးသီရိန္ဒစသည့်ဆရတော်ကြီးများဦးစီး၍ “နိကာယ် စာမေးပွဲ” ကြီးများ ကျင်းပပြီး အသက်ဝင်သော ကျမ်းကြီးများဖြစ်လာအောင် ကြိုးစားနေကြသည်ဟုလည်း ပါဠိ စာပေ အကဲခပ်သူများက ဆိုပါသည်၊၊+ မဇ္ဈိမနိကာယ် မှ ပဏ္ဏာသ(၃)အုပ် ဟူသည်မှာ +(၁) မူလ ပဏ္ဏာသ (၁)အုပ်၊(၂) မဇ္ဈိမ ပဏ္ဏာသ (၁)အုပ်၊(၃) ဥပရိ ပဏ္ဏာသ (၁)အုပ်၊ စုစုပေါင်း (၃)အုပ်ဖြစ်ပါသည်၊၊+ သံယုတ္တနိကာယ်မှ ငါးကျမ်း (၃)အုပ် ဟူသည်မှာ +(၁) သဂါထာဝဂ္ဂ္ဂ သံယုတ် (၁)အုပ်၊(၂) နိဒါန၀ဂ္ဂ၊ ခန္ဓ၀ဂ္ဂ သံယုတ် (၁)အုပ်၊(၃) သဠာယတန၀ဂ္ဂ၊ မဟာဝဂ္ဂ သံယုတ် (၁)အုပ်၊ စုစုပေါင်း(၃)အုပ် ဖြစ်ပါသည်၊၊+ အင်္ဂုတ္တရနိကာယ်မှ ဆယ့်တစ်ကျမ်း(၃)ဟူသည်မှာ +(၁.၂.၃) ဧကက နိပါတ်မှစ၍ ဧကာဒသက နိပါတ်အထိ (၃)အုပ် ဖြစ်ပါသည်၊၊+ ခုဒ္ဒကနိကာယ်မှ ဆယ့်ကိုးကျမ်း(၁၁)အုပ် ဟူသည်မှာ +(၁) ခုဒ္ဒကပါဌ ပါဠိ၊(၂) ဓမ္မပဒ ပါဠိ၊(၃) ဥဒါန ပါဠိ၊(၄) ဣတိဝုတ္တက ပါဠိ၊(၅) သုတ္တနိပါတ ပါဠိ၊(၆) ၀ိမာန၀တ္ထု ပါဠိ၊(၇) ပေတ၀တ္ထု ပါဠိ၊(၈) ထေရဂါထာ ပါဠိ၊(၉) ထေရီဂါထာ ပါဠိ၊(၁၀) ဇာတက ပါဠိ၊(၁၁) နိဒ္ဒေသ ပါဠိ၊(၁၂) ပဋိသမ္ဘိဒါမဂ္ဂ ပါဠိ၊(၁၃) အပါဒါန ပါဠိ၊(၁၄) ဗုဒ္ဓ၀ံသ ပါဠိ၊(၁၅) စရိယာပိဋက ပါဠိ၊(၁၆) နေတ္တိ ပါဠိ၊(၁၇) ပေတကောပဒေသ ပါဠိ၊(၁၈) မိလိန္ဒပဥှာ ပါဠိ၊(၁၉) သုတ္တသင်္ဂဟ ပါဠိ၊ စုစုပေါင်း (၁၉)အုပ် ဖြစ်ပါသည်၊၊ဤစာတမ်းတွင် အရှင်တင်ပြ ရေတွက်ပြခဲ့သည်မှာ ပါဠိတော်အုပ်ရေ (၄၀)ကို အဓိကတင်ပြလိုက်ခြင်း ဖြစ်ပါသည်၊ အဋ္ဌကထာ အရေတွက်နှင့် ဋီကာစသည်တို့၏ စာရင်းအတိအကျကိုလည်း အရှင်ကြိုးစားပါအုံးမည်၊၊အရှင် ပါဠိစာပေမိတ်ဆက်ကို တင်ပြလာခဲ့သည်မှာ ဤမျှဆိုလျင် အတိုင်းအတာတခုအထိ ပြည့်စုံပြီ ဟု ယူဆပါသည်၊၊ အရှင့်ထက် ပါဠိစာပေ တတ်ကျွမ်းသည့် ပါဠိပညာရှင်များအနေဖြင့် ဤစာတမ်းတွင် မှားယွင်းမှု တစုံတရာ၊ လွဲချော်မှုတစုံတရာတွေ့ခဲ့ပါလျင် အကြံပြုဆွေးနွေးဖို့ တောင်းပန်လိုက်ပါသည်၊၊ပါဠိစာပေကို စိတ်ပါဝင်စားသူများ၊ ဗုဒ္ဓဘာသာကို လေ့လာသုတေသနပြုလိုသူများ အနေဖြင့် အရှင် တင်ပြခဲ့သည်များမှ ခြေရာခံပြီး ဆက်လက်လေ့လာရန်ဖြစ်ပါသည်၊၊ အရှင်၏တင်ပြမှာမှုမှာ ဗုဒ္ဓစာပေ ကို တကယ်လေ့လာ သုတေသနပြုလိုသူအတွက် သေးငယ်သည့် အကူလေးမျှသာ ဖြစ်ပါသည်၊၊ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓစာပေဟူသည်ကို ဘာမှန်းမသိဘဲ ဗုဒ္ဓဘာသာကို စွန့်လွှတ်ပြီး၊ အခြားဘာသာသို့ ကူးပြောင်းကြသည့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များကို “အလင်း စက်”၏ ပါဠိစာပေ မိတ်ဆက်က အကျိုးတစုံတရာ ဖြစ်စေလိမ့်မည်ဟု အရှင်ယုံကြည်ပါသည်၊၊ လေ့လာလိုသူများအတွက် အဋ္ဌကထာစာရင်းကို နောက်ဆက်တွဲအဖြစ်ဖော်ပြပေးလိုက်ပါသည်၊၊ပိဋကသုံးပုံအတွက် အဋ္ဌကထာစာရင်း---၀ိနယပိဋက--(၁) ၀ိနယ ပိဋကပါဠိ > သမန္တပါသာဒိကာအဋ္ဌကထာ (ဗုဒ္ဓဃောသ)(၂) ပါဋိမောက္ခပါဠိ> ကင်္ခါဝိတရဏိအဋ္ဌကထာ (ဗုဒ္ဓဃောသ)သုတ္တန္တပိဋက---(၁) ဒီဃနိကာယပါဠိ >သုမင်္ဂလ၀ိလာသိဏီအဋ္ဌကထာ (ဗုဒ္ဓဃောသ)(၂) မဇ္ဈိမနိကာယပါဠိ > ပပဉ္စသူဒနီအဋ္ဌကထာ (ဗုဒ္ဓဃောသ)(၃) သံယုတ္တနိကာယပါဠိ > သာရတ္ထပ္ပကာသိနီ (ဗုဒ္ဓဃောသ)(၄) အင်္ဂုတ္တရနိကာယပါဠိ > မနောရတ္ထပူရဏီအဋ္ဌကထာ (ဗုဒ္ဓဃောသ)(၅) ခုဒ္ဒကနိကာယ---(၁) ခုဒ္ဒကပါဌပါဠိ > ပရမတ္ထဇောတိကာအဋ္ဌကထာ (ဗုဒ္ဓဃောသ)(၂) ဓမ္မပဒပါဠိ > ဓမ္မပဒအဋ္ဌကထာအဋ္ဌကထာ (ဗုဒ္ဓဃောသ)(၃) ဥဒါနပါဠိ > ပရမတ္ထဒီပနီအဋ္ဌကထာ (ဓမ္မပါလ)(၄) ဣိတိဝုတ္တကပါဠိ > ပရမတ္ထဒီပနီအဋ္ဌကထာ(ဓမ္မပါလ)(၅) သုတ္တနိပါတ ပါဠိ > ပရမတ္ထဒီပနီအဋ္ဌကထာ( ဓမ္မပါလ)(၆) ၀ိမာန၀တ္ထုပါဠိ > ပရမတ္ထဇောတိကာအဋ္ဌကထာ (ဗုဒ္ဓဃောသ)(၇) ပေတ၀တ္ထုပါဠိ > ပရမတ္ထဒီပနီ အဋ္ဌကထာ (ဓမ္မပါလ)(၈) ထေရဂါထာပါဠိ > ပရမတ္ထဒီပနီ အဋ္ဌကထာ(ဓမ္မပါလ)(၉) ထေရီဂါထာပါဠိ> ပရမတ္ထဒီပနီ အဋ္ဌကထာ(ဓမ္မပါလ)(၁၀) ဇာတကပါဠိ > ဇာတကအဋ္ဌကထ (ဓမ္မပါလ)(၁၁) နိဒ္ဒေသ ပါဠိ> သဒ္ဓမ္မပဇ္ဇောတိကာ အဋ္ဌကထာ (ဗုဒ္ဓဃောသ)(၁၂) ပဋိသမ္ဘီဒါမဂ္ဂပါဠိ > သဒ္ဓမ္မပ္ပကာသိနီအဋ္ဌကထာ (ဥပသေန)(၁၃) အပါဒါနပါဠိ> ၀ိသုဒ္ဓဇန၀ိလာသိနီ အဋ္ဌကထာ (အမည်မသိ)(၁၄) ဗုဒ္ဓ၀ံသပါဠိ > မဓုရတ္ထ၀ိလာသိနီအဋ္ဌကထာ (ဗုဒ္ဓဒတ္တ)(၁၅) စရိယာပိဋကပါဠိ > ပရမတ္ထဒီပနီ အဋ္ဌကထာ (ဓမ္မပါလ)အဘိဓမ္မာပိဋက---(၁) ဓမ္မသင်္ဂဏီပါဠိ > အတ္ထသာလိဏီ အဋ္ဌကထာ ( ဗုဒ္ဓဃောသ)(၂) ၀ိဘင်္ဂပါဠိ > သမ္မေဟ၀ိနောဒနီအဋ္ဌကထာ ( ဗုဒ္ဓဃောသ)(၃) ကထာဝတ္ထုပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ (ဗုဒ္ဓဃောသ)(၄) ပုဂ္ဂလပညတ္တိပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ(ဗုဒ္ဓဃောသ)(၅) ဓာတုကထာပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ(ဗုဒ္ဓဃောသ)(၆) ယမကပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ(ဗုဒ္ဓဃောသ)(၇) ပဋ္ဌာနပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ (ဗုဒ္ဓဃောသ)အရှင်အနေဖြင့် Religion ခေါ် ကိုးကွယ်မှု ဘာသာတိုင်းတွင် စာပေရှိသည်၊ ထိုစာပေများကို ကိုယ်တိုင်လေ့လာပြီး၊ လက်တွေ့ကျသည်၊ အကျိုးအကြောင်း ခိုင်လုံသည်၊ အစစ်ဆေး အစမ်းသတ် ခံနိုင်သည်၊ ယုတ္တိရှိသည်ဟု ကိုယ်တိုင်သိပြီးမှသာ ကိုးကွယ်မှုကို ရွေးချယ်သင့်ကြောင်း တင်ပြအကြံပြု လိုပါသည်၊၊ မည်သည့်ဘာသာသည် အကောင်းဆုံး ဖြစ်သည်ဟုကား အရှင့် ဉာဏ်ဖြင့် မဆုံးဖြတ်ဝံ့ပါ၊၊ “အလင်း စက်” စာဖတ်ပရိတ်သတ်များ စာပေဖြင့်အလှဆင်ပြီး၊ စာပေဖြင့်ပင်ဘ၀ကို တည်ဆောက် အောင်မြင်ကြပါစေ..………..!

အရှင်ကေ၀လ (အလင်း စက်)(၂၇.၁၁.၂၀၁၀)
မှတ်ချက်/ တိပိဋကဓရ ရွှေရတုစာစောင်(၁၃၁၀-၁၃၆၀)၊ တိပိဋက ပါဠိစာပေသမိုင်း (မိုင်းခိုင်းမြို့ စားကြီး)၊ Guide to Tipitaka byU Kolay,A hand book of Lᾶli Literature by Oskar von Hinuber,The Pᾶli Literature of Ceylon by G.P.Malalasekera တို့ကို ကိုးကားပြီး ၍စာတမ်းကို ရေးပါသည်၊၊

မူရင်းLink___

http://ko-thitsar.blogspot.in/2010/12/blog-post_30.html?m=1

Wednesday, 15 April 2015

တောင်းပန်ပါတယ်

ဒီBlogလေးကို ဖန်တီးချင်လွန်းလို့သာ ဖန်တီးလိုက်ရပေမယ့် တကယ်တမ်းတော့ ပညာသင်အဆင့်သာဖြစ်နေတဲ့ Bloggerအတွက် တင်စရာPostတွေက ဘာမျှမရှိပါဘူး။
ဒါကြောင့် Bloggerဖတ်ရှုလေ့လာခဲ့မိတဲ့ Blogများ၊ Websiteများ၊ Fb Pageများထဲက
သင့်လျော်မယ်ထင်ရတဲ့ အကြောင်းအရာများကို ကူးယူပြီး ဒီBlogမှာ ဖော်ပြရခြင်း ဖြစ်ပါတယ်။
မူရင်းPostပိုင်ရှင်များထံ ခွင့်မတောင်းဘဲ ကူးယူဖော်ပြခြင်းဖြစ်ပေမယ့်
မူရင်းPostပိုင်ရှင်များ Bloggerများက မေတ္တာကြီးစွာနဲ့ ခွင့်လွှတ်မယ်လို့ မျှော်လင့်မိပါတယ်။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာနိုင်ကြပါစေဗျာ။

သင့်Englishစာ ဘာလို့ မတိုးတက်သေးတာလဲ?


ကျွန်တော့်ကို လူငယ်အချို့ကမေးလေ့ရှိပါတယ်။
သူတို့Englishစာဘာလို့ မတိုးတက်တာလဲတဲ့။ ဘယ်လိုလေ့လာမှEnglishစာကို ကောင်းကောင်းပြောတတ်မှာလဲတဲ့။ ကျွန်တော်ဒီဆောင်းပါးလေးကနေပဲအကြံပေးပါရစေ။
ကျွန်တော် အောက်မှာရေးပြထားတဲ့အချက်တွေထဲက သင်ဘယ်နှစ်ချက်လောက်ကျင့်သုံးနေပါလဲ? ဒီဆောင်းပါးလေးဖတ်ပြီးရင်တော့ သင့်အတွက်တစ်စုံတစ်ခု အကျိုးရှိမှာသေချာပါတယ်။
ကျွန်တော် မိုးရှင်း (I.M.T) သည်လည်း ဆရာကြီးတစ်ယောက်မဟုတ် သေးပါ။
သိသမျှကိုဝေမျှလိုသော စေတနာဖြင့်ရေးသားပါသည်။
(၁) Confidence ရှိပါ။
ဘယ်အရာပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိမှ အောင်မြင်မှာပါ။
ယုံကြည်မှုမရှိပဲ ခက်ခဲတဲ့အရာတွေကိုရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဘာသာစကားတစ်ခုကိုကျွမ်းကျင်ချင်တယ်ဆိုရင်တော့ အချိန်ယူရပါတယ်။
တစ်လအတွင်းသင်ပြီး သင်မတတ်မြောက်နိုင်ပါဘူး။

Confidence ရှိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်ပါ။ http://www.moeshinn.com/how-to-improve-confidence/
(၂) အလေးထားပါ။အာရုံစူးစိုက်ပါ။ (Focus!)
ဘယ်လိုနေရာမျိုးမှာဖြစ်ဖြစ်အောင်မြင်ချင်ရင် အာရုံစိုက်ရပါတယ်။ သင်ကယုံကြည်မှုလေးတော့ရှိပါတယ်။ အာရုံစူးစိုက်မှု မရှိရင်တော့ သင့်English စာတိုးတက်လာဖို့မလွယ်ပါဘူး။ သင်တန်းတစ်ခုသာတက်နေတာအာရုံစူးစိုက်မှုမရှိရင် ဘာမှအကျိုးမရှိပါဘူး။
အာရုံစူးစိုက်မှုအကြောင်း Bill Gates နဲ့ Warren Buffet ဘာပြောခဲ့လဲ သိချင်ရင် ဒီဆာင်းပါးလေးဖတ်ကြည့်ပါ။ http://www.moeshinn.com/bill-gates-and-warren-buffetts-sug…/
(၃) ရည်မှန်းချက်ရှိပါ။
ရည်မှန်းချက်မရှိတဲ့သူတွေဟာဘယ်တော့မှအာရုံမစူးစိုက်နိုင်ပါဘူး။
Englishစာသင်တန်းကိုရည်းစားရအောင်၊အိမ်က စိတ်ချမ်းသာအောင် စသဖြင့်ရည်ရွယ်ချက်တွေနဲ့တက်နေလို့ကတော့ ဘယ်တော့မှတိုးတက်မှာ
မဟုတ်ပါဘူး။ သင်အဲ့ဒိလို လူမျိုးတွေလည်း မြင်ဖူးပါလိမ့်မယ်။ တက်လိုက်တဲ့သင်တန်း၊ကုန်လိုက်တဲ့ငွေ၊တကယ့်တကယ်ကျတော့ အသက်သာ တစ်နေ့ထက်တစ်နေ့ကြီးလာတယ် သိတဲ့အသိကတော့ အသက်နဲ့အတူမကြီးလာပါဘူး။ ဒါကြောင့် ရည်မှန်းချက်ထားပါ။ တစ်နေ့ကျရင်(သို့မဟုတ်) တစ်နှစ်လေ့လာပြီးရင်
ကျွမ်းကျင်စွာပြောကိုပြောတတ်ရမယ်လို့ ရည်မှန်းချက်ထားပါ။

ရည်မှန်းချက်ပျောက်နေတယ်ထင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်ပါ။
http://www.moeshinn.com/difficult-to-answer-what-your-ambi…/

(၄) ရည်မှန်းချက်ကိုသစ္စာရှိပါ။
တစ်ချို့ကရည်မှန်းချက်လေးတော့ထားပါရဲ့။ တကယ့်တကယ်ကျတော့ ညဘက်Facebookမှာအချိန်ကုန်လိုက်၊Candy Crush, Clash of Clans စသဖြင့်ဂိမ်းပေါင်းစုံမှာအချိန်ကုန်လိုက်နဲ့ ဘယ်တော့မှပြန်မရနိုင်တော့တဲ့
အချိန်တွေကို ကောင်းကောင်းကြီးကို ဖြုန်းနေကြပါတယ်။ ဒါပေမယ့် သူတို့မေးတဲ့မေးခွန်းက “ကျွန်တော့်Englishစာတိုးတက်အောင် ဘယ်လိုလုပ်ရမလဲတဲ့”။ သူတို့ကတောင်ပေါ်ကိုတက်ချင်တယ်။ ဒါပေမယ့်တောင်အောက်မှာဆော့ရင်းနဲ့အချိန်ဖြုန်း နေတယ်။ ပြီးတော့တောင်ပေါ်ကလူကို အဲ့ဒိကိုလာဖို့ဘာလုပ်ရမလဲလို့လှမ်းမေးတယ်။ အဖြေကရှင်းပါတယ်။

ဆော့နေတာရပ်ပြီး တောင်ပေါ်စတက်ပေါ့။ တောင်ပေါ်တက်နေရင်း အခက်အခဲရှိလို့မေးတဲ့သူမျိုးကို
ဖြေရတာအကျိုး ရှိပါတယ်။ ဘာလို့လည်းဆိုတော့ လူတော်တော်များများ
တောင်ပေါ်ကိုရောက်ဖို့အသည်းအသန်တက်နေကြပြီ။ တောင်အောက်
မှာ ဆော့ရင်းတစ်သက်လုံးပျော်ရွှင်နိုင်တယ်ဆိုရင်တော့ကိစ္စမရှိပါဘူး။
တောင်ပ်ါတက်ချင်ရင်တော့ စတက်တော့နော်။ ဒါကြောင့်ရည်မှန်းချက်
ထားရုံနဲ့လည်းမပြီးပါဘူး။ အဲဒီရည်မှန်းချက်ကို သစ္စာရှိပါ။

(၅) Time-table တစ်ခုထားပါ။သူ့ကိုလည်း သစ္စာရှိပါ။
သင့်မှာအရင်က Time-tableမရှိဘူးဆိုရင်လည်း အခုစပြီးဆွဲပါ။ တစ်နေ့တစ်နာရီပဲလေ့လာအုံး။သင့်Englishစာတိုးတက် နိုင်ပါတယ်။ ဆိုးတာက တစ်ချို့သူတွေက တစ်နာရီလေးတောင်အချိန်မပေးချင်ကြပါဘူး။ ဒါပေမယ့် နှေးကွေးတဲ့connection နဲ့ညနက်သန်းခေါင်တက်လာမယ့်Facebook Status တွေကိုတော့
စောင့်ကြည့်တတ်ကြပါတယ်။ သင်တစ်နေ့ကို တစ်နာရီလောက်အချိန်မပေးပဲနဲ့ သင့်Englishစာအမြန်ဆုံး
တိုးတက် ချင်တာကတော့ ရူးသွပ်လွန်းတယ်လို့ပဲပြောပါ ရစေ။ နှစ်ပေါင်းများစွာကြာမှ တိုးတက်ရင်လည်း
ရပါတယ်ဆိုရင်တော့ သင်လုပ်နေကျအတိုင်းသာဆက်လုပ်ပါ။
ဒါမှမဟုတ် အမြန်ဆုံးတိုးတက်ချင်ပါတယ်ဆိုရင်တော့ အခုကစပြီး တစ်နေ့ကိုတစ်နာရီတော့အချိန်ပေးပါ။ မအားဘူးလို့တော့ ဆင်ခြေမပေးပါနဲ့။ လိုလျှင်ကြံဆ နည်းလမ်းရတဲ့။ “အချိန်မရဘူးလို့ ဘယ်တော့မှ ဆင်ခြေပေးလေ့မရှိပါဘူး။” ကျွန်တော်စလေ့လာတုန်းကBusကားတိုးစီးရင်းနဲ့ လည်း Listening လေ့ကျင့်ပါတယ်။ ပိုက်ဆံမရှိတာတောင် စာအုပ်အဟောင်းလေးတွေ ၀ယ်ဖို့ပိုက်ဆံစုပါတယ်။ BBC Radio Program ကိုတစ်လုံးမှနားမလည်ပဲနဲ့ Radioအစုတ်လေးနဲ့
ရအောင်နားထောင် ခဲ့ဖူးပါတယ်။ ကျွန်တော့်Time-tableကိုလည်းကျွန်တော်သစ္စာရှိခဲ့ပါတယ်။

(၆) မရှက်ပါနဲ့။
အပေါ်ကအချက်မှာပြောခဲ့သလိုပဲ ဘာသာစကားတစ်ခုကို တတ်ကျွမ်းချင်ရင် ရူးသွပ်ရပါတယ်။အစမှာတော့ဘယ်သူမှ အသံထွက်မှန်မှာမဟုတ်ပါဘူး။ ဒါကိုလည်း လူတွေကရယ်ချင်ရယ်မှာပေါ့။သင်ရော သူများအသံ
ထွက်မှားရင် မရယ်ပဲနေနိုင် လို့လား။ ဒါကရှက်စရာမဟုတ်ပါဘူး ။ရယ်ရလို့ရယ်ကြတာပါ။ လူ့သဘာဝပါပဲ။အဲ့ဒါကြီးကို အာရုံစိုက်နေလို့ကတော့ ဘယ်တော့မှပြောရဲလာမှာမဟုတ်ပါဘူး။ မိမိဘာသာစကားမဟုတ်တဲ့အရာတစ်ခုကို သင်ယူနေတာ မှားတာကသဘာဝပါ။ ရှက်စရာမဟုတ်ပါဘူး။ ပြောရဲတာဂုဏ်ယူစရာပါ။

(၇) ပြောရဲပြီးရင် အသံထွက်ကောင်းအောင်လုပ်ပါ။
ပြောရဲတာကတော့ဟုတ်ပါပြီ။ ဒါပေမယ့် တစ်လနေလည်း
အသံထွက်က မကောင်း၊ ၅လနေလည်း အသံထွက်က တစ်စက်မှမမှန်၊ တစ်နှစ်နေလည်း အသံထွက်မတိုးတက်ဆိုရင်တော့ မဟုတ်သေးပါဘူး။ စသင်သင်ချင်းမှားတာက သဘာဝဖြစ်ပေမယ့် အချိန် အကြာကြီးလေ့လာပြီးတာတောင် မတိုးတက်သေးရင်တော့ သင့်ကိုယ်သင် ပြန်သုံးသပ်ဖို့လိုပါပြီ။ ဘာလို့အသံထွက်မကောင်းတာလဲ? အသံထွက်တိုးတက်အောင်ဘယ်လိုလုပ်မလဲ?
ဒီအတွက်တော့ ဒီနေရာမှာအကျယ်ကြီးမရေးချင်တော့ ပါဘူး။ ကျွန်တော်ရေးထားတဲ့ အောက်ပါဆောင်းပါး
လေးကိုဖတ်ဖို့ပဲအကြံပေးချင်ပါတယ်။

Englishစာအမြန်ဆုံးတိုးတက်ချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်ပါ။
http://www.moeshinn.com/how-to-improve-your-english-quickly/

(၈)လေ့လာတတ်ပါစေ။
အကြာကြီးလေ့လာပြီးမှ မတိုးတက်ဖူးဆိုရင်တော့ သင်ဗျူဟာမှားနေပါပြီ။ ဘာသာစကားလေ့လာရင် ပါးနပ်ရပါတယ်။ ဘယ်ဟာအရေးအကြီးဆုံးလဲ သိရပါတယ်။ သင်ဘာလို့အဲ့ဒိဘာသာစကားကိုသင်တာလဲ ပြန်သုံးသပ်ပါ။ များသောအားဖြင့်တော့ communicateလုပ်ဖို့သင်ယူကြတာပါ။ ဒါကြောင့် Speaking Skill ကအရေးကြီးဆုံးပါ။ ဒါပေမယ့် သင်ကBest Seller စာရေးဆရာတစ်ယောက်ဖြစ်ချင်တာလား။ ဒါဆိုရင်တော့ Writing ကိုပိုအာရုံစိုက်ပေါ့။ Speaking Skillကတကယ်တော့ Skill လေးခုထဲမှာအလွယ်ဆုံးပါပဲ။ မှန်ကန်တဲ့နည်းဗျူဟာလေးပဲလိုတာပါ။ ဆိုရိုးလေးတစ်ခုရှိပါတယ်။
 “English is easy to learn but difficult to master” တဲ့။ သင်ဖို့လွယ်တယ် ဆရာကျဖို့ခက်တယ်တဲ့။ ဟုတ်ပါတယ်ပြောတတ်ရုံပဲပြောတတ်ချင်ရင် ထင်သလောက်မခက်ပါဘူး။
(၉)အင်တာနက်ကို အကျိုးရှိစွာသုံးတတ်ပါစေ။
အင်တာနက်ကိုအကျိုးရှိစွာအသုံးပြုတတ်ရင်တော့ သင့်Englishစာတိုးတက်တာ မြန်လာပါလိမ့်မယ်။ အသံဖိုင်တွေ အများကြီး Downloadလုပ်လို့ရပါတယ်။ ဗီဒီယိုတွေကြည့်လို့်ရပါတယ်။ ကွန်နက်ရှင်မကောင်းဘူးလို့တော့ဆင်ခြေမပေးပါနဲ့။ ကျွန်တော်လည်း ကွန်နက်ရှင်ကောင်းတဲ့ အင်တာနက်ဆိုင်ရှာပြီး ကြိုးစားခဲ့တာပါ။
Englishစာကို အွန်လိုင်းမှာလေ့လာချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်ပါ။
http://www.moeshinn.com/top-5-english-learning-websites/

(၁၀) စိတ်အားထက်သန်မှုရှိပါ။
စိတ်အားထက်သန်မှုမရှိတာကလည်း တော်တော်များများဖြစ်လေ့ရှိတဲ့ပြသနာပါပဲ။ လူငယ်တော်တော်များများက လေ့လာတာ နည်းနည်းကြာလို့ မတိုးတက်ရင် စိတ်ဓာတ်ကျ လွယ်တတ်ကြပါတယ်။ ပြီးတော့ စိတ်အားထက်သန်မှုကသင့်အတွက်တွန်းအားပါ။ စိတ်အားထက်သန်မှုမရှိတဲ့သူတွေက စိတ်ဓာတ်ကျလွယ်တတ်ပါတယ်။ စိတ်အားထက်သန်မှုက တွေ့ရမယ့်အခက်အခဲတွေထက်ကြီးမားမှ သင်ဖြတ်ကျော်နိုင်မှာပါ။
(၁၁) အားကျစရာပုဂ္ဂိုလ်ရှာပါ။
စိတ်အားထက်သန်ဖို့ဆိုတာက အားကျစရာလူတစ်ယောက်ရှိနေဖို့လည်း အရမ်းအရေးကြီးပါတယ်။ ဥပမာ- သင်တက်နေတဲ့သင်တန်းက ဆရာပြောတာကို ကြည့်ပြီးအားကျတာမျိုး၊ဒါမှမဟုတ် Englishစာကောင်းတဲ့သင့်သူငယ်ချင်းတစ်ယောက်ကိုကြည့်ပြီးအားကျတာမျိုးပေါ့။
နောက်ဆုံးဘယ်သူမှမရှိရင်လည်း Radio,TVတွေကNativeSpeakerတစ်ယောက်ယောက်ကို အားကျတာမျိုး ရှိနေသင့်ပါတယ်။ ဒါမှာ သင့်အတွက်တွန်းအားရှိနေမှာပါ။
(၁၂) ဘာသာစကားကိုတန်ဖိုးထားပါ။
ဘယ်အရာမဆိုသင်တန်ဖိုးထားမှာ တတ်မြောက်မှာပါ။ ဘာသာစကားကလည်းဒီလိုပါပဲ။ အပျော်မသင်ပါနဲ့။
စာမေးပွဲအတွက်၊ အင်တာဗျူးအတွက် မသင်ပါနဲ့။ ဘ၀အတွက်သင်ယူပါ။သင့်ကိုထမင်းကျွေးနိုင်တဲ့ဘာသာ
စကားတစ်ခု ဆိုတာမမေ့ပါနဲ့။ လေးစားပါ။ တန်ဖိုးထားပါ။အဲ့ဒိအကျိုးကျေးဇူးကိုသင်ပြန်လည် ရရှိပါလိမ့်မယ်။
တစ်နေ့ကိုရေတစ်ခွက် အနည်းဆုံးသောက်သလို Englishစာကို တစ်နေ့တစ်နာရီလောက်လေ့လာပါ။

(၁၃) အသံသွင်းထားပါ။
သင်ပြောတဲ့အသံထွက်တိုးတက်မှုရှိလားမရှိလား အသံသွင်းထားပြီးပြန်နားထောင်နိုင်ပါတယ်။
ဒါမှ သင့်အသံထွက်တိုးတက်အောင်လုပ်နိုင်မှာပါ။
(၁၄) ရူးသွပ်ပါ။
ရူးသွပ်ပါ။ မရူးသွပ်သ၍ တိုးတက်ဖို့မမြန်ဆန်နိုင်ပါဘူး။ ကျွန်တော်ဆိုအိပ်ရင်းနဲ့ထယောင်ရင်တောင် Englishလို ထယောင်တဲ့အထိ စွဲစွဲလမ်းလမ်းလေ့လာခဲ့ပါတယ်။ ပြောစရာ အဖော်ကလည်းမရှိခဲ့ပါဘူး။
နာက်ဆုံးတော့ပြောစရာအဖော်မရှိလည်း တစ်ယောက်ထဲပြောပြီး လေ့ကျင့် ခဲ့ပါတယ်။
 သူငယ်ချင်းတွေက “မင်းရူးနေလားလို့”မေးတော့“အေးဟုတ်တယ် ရူးနေတယ်”လို့ပဲပြောခဲ့ပါတယ်။ အခုတော့ သူတို့ပြောတဲ့စကားက“ငါ့ကို Englishစာသင်ပေးပါလားတဲ့” 
ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းရင် ဘယ်တော့မှပြောတတ်မှာမဟုတ်ပါဘူး။
(၁၅) အိပ်ရာခေါင်းရင်းမှာ စာရွက်တစ်ရွက်ကပ်ထားပါ။
သင်တစ်နေ့တာကျက်ဖို့ စာလုံးရေကိုသတ်မှတ်ထားပါ။ ၅လုံးလည်းရပါတယ်။ ၁၀လုံးလည်းရပါတယ်။သင်ကျက်မှတ်ဖို့ သတ်မှတ်ထားတဲ့ စာလုံးတွေကို အမြဲကျက်မှတ်ပါ။ မှတ်ထားသမျှစကားလုံးအားလုံး စကားပြောမှာပါအောင်သုံးပါ။
အဲ့လိုမသုံးရင်တော့သင်ကျက်ထားတာ ဘာမှကိုအကျိုးမရှိပါဘူး။ မကြာမီမေ့သွားမှာပါ။
စကားလုံးအသစ်တွေကျက်နည်းသိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်ပါ။
http://www.moeshinn.com/how-to-remember-new-english-words/

(၁၆) ပျော်စရာတွေနဲ့လေ့လာပါ။
စာအုပ်ဖတ်မှ Englishစာလေ့လာတာမဟုတ်ပါဘူး။ Movies တွေကြည့်ပါ။ Englishsongsတွေနားထောင်ပါ။Jokesတွေ ဖတ်ပါ။အများကြီး လုပ်စရာတွေရှိပါတယ်။ရုပ်ရှင်တွေကြည့်ပြီးဘယ်လိုလေ့လာသင့်လဲဆိုတာ
အောက်ပါLinkလေးမှာရေးပေးထားတယ်နော်။

ရုပ်ရှင်ကြည့်ပြီး Englishစာလေ့လာနည်းသိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်ပါ။
http://www.moeshinn.com/how-to-improve-your-english/

တတ်သလောက်၊သိသလောက်ဗဟုသုတများကို ဝေမျှခြင်း
သာဖြစ်ပါတယ်။ဆောင်းပါးလည်း တော်တော်ရှည်နေပြီဖြစ်တာကြောင့် ဒီနေရာမှာပဲရပ်ပါတော့မယ်။

 နောက်များမှာလည်း အကြံပေးဆောင်းပါးများရေးပေးသွားပါ့မယ်။
ကျွန်တော်ရေးတဲ့စာတွေကို ဖတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။
ကျွန်တော့်ဝက်ဘ်ဆိုဒ်လေးဖြစ်တဲ့ www.moeshinn.com မှာ Englishစာနဲ့ပက်သက်တာတွေအပြင် အခြားလေ့လာစရာတွေလည်း အများကြီးရှိတာမို့လာလည်ဖြစ်အောင်လာလည်ဖို့ ဖိတ်ခေါ်ပါရစေ။
မိုးရှင်း (I.M.T)

နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင်အကြောင်း




အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။
ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-..
(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀အထက်)
(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း
(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ
(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး
(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီး ခုနစ်ရက်သာနေရခြင်း
ပဋိသန္ဓေယူုခြင်း...
ကေတုမတီပြည်………..သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။
ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့် တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော် ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက် မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော် ၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။
ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး "ယခုဘဝကား ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည် ဖြစ်သောကြောင့်ငြိမ်းအေးလတံ္တ့" ဟူသောစကားကိုအရပ်လေးမျက်နှာကို ကြည့်ပြီးပြောဆိုလိမ့်မယ်။
ပြာသာဒ်လေးဆောင်ပေါ်လာခြင်း...
အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့ လူသားတွေမျက်စိဖြင့် စိန်းစိန်းမကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင် ထွန်းလင်းပြောင်တဲ့တင့်တယ်ခံ့ညားသော ပြာသာဒ်လေးဆောင် ပေါ်ပေါက်လာလိမ့်မည်။ ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။ ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ မောင်းမပေါင်းတစ်သောင်းခြောက်ေ ထာင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ ဖြင့်ဖျော်ဖြေကြလိမ့်မည်။
အဇိတမင်းသားအိမ်ထောင်ပြုခြင်း...
အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။ အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။
သားတော်ဖွားမြင်ခြင်း...
အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့ သားယောကျာ်းလေးမွေးဖွားလိမ့်မယ် ။
နိမိတ်လေးပါးမြင်ခြင်း...
ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့် မည်။ ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့် မယ်။ လူ့ဘဝ ကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။
အဇိတမင်းသားတောထွက်တော်မူခြင်း...
အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လုတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။ တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာင်္မင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ကောင်းကင်ယံ ဟသာင်္ပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီးလိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်။ လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေက ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။ ဟသာင်္ပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။ အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။ စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။
သဗ္ဗညုတဥာဏ်ရသည့်အချိန်...
ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိဥာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်ကိုရမယ်။ မိုးသောက်ယံအချိန် အာသဝက္ခယဥာဏ်တွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဥာဏ်ကိုရမယ်။
ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။ ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တို င်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။ ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာလို့ခေါ်တယ်။
ဓမ္မစကြာတရားဟောကြွခြင်း...
ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့ ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။ လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။
ဘုရားရှင်၏တန်ခိုးတော်...
ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည် ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင် နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ်မိုးကာပြီးနေမယ်။ အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။ ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့ ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လိုက်ပါနေမှာ။
ရုပ်မြင်သံကြားမေတ္တေယျဘုရား...
အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ် အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံးဘုရားရှင်ရဲ့ တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။ ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။ ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ဘုံအကာအရံမရှိဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင် အကုသိုလ်တွေပြုရဲဖို့မရှိတော့ဘူး။ အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင် နတ်သားလို မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။ အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက် ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။ ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။ စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်ယူစားလို့ရတယ်။ ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကိုမရှိဘူး။ နေ့ညခွဲမရ အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ညခွဲယူရလိမ့်မယ်။ ပရိနိဗ္ဗာန်စံမည့်အရွယ် မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ ပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်က အနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် ပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့။ ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။ အဲဒီ မဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီး ပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး အဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မယ်။ သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား၊ သုဘလုလင် တောဒေယျပုဏ္ဏား ၊ နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။ အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ် ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ် မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ် မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ် သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ် ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ် ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ် ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ် ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတာြး့ပုပြင်သောပ္ဂိုလ် အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ် ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ် ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်…. အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။ အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။
အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့….. မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။
လူနတ်ဗြဟ္မာသတ္တဝါအပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းပြီး ရောဂါခပ်သိမ်းကင်းဝေးနိုင်ကြပါစေ..

အရိမေတ္တေယျမြတ်စွာဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ




၁။ယခုကြုံတွေ့နေတဲ့ ဂေါတမသာသနာတွင်းမှာကိုယ်တိုင်ရဟန်းသာမဏေသီလရှင်ဝတ်ပြီး ပရိယတ်၊ ပဋိပတ်သာသနာပြုတဲ့ ပုဂ္ဂိုလ်
၂။မိမိရင်မှဖြစ်တဲ့သား၊သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကိုရဟန်းခံပေးခြင်း၊ ရှင်ပြုပေးတဲ့ ပုဂ္ဂိုလ်
၃။ မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဂိုလ်
၎။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဂိုလ်
၅။ ဘုရားသာသနာတည်စိမ့်သောဌာစေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဂိုလ်
၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဂိုလ်
၇။ရတွင်းရကန်ရအိမ်၊စတုဒီသာကျောင်းဇရပ်တံတားပြုပြင်သောပုဂ္ဖိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဂိုလ်
၈။ ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဂိုလ်
၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဂိုလ်