Friday, 19 December 2014

မြတ်ဆရာသို့ ကန်တော့ပန်း

ဝေါဆရာတော် အရှင်သုမင်္ဂလရဲ့
ရင်တွင်းဖြစ်လေးပါ
တက္ကသီလဟိတဓရ (ရန်ကုန်)
ပထမအကြိမ်
အာစရိယပူဇော်ပွဲနဲ့ သောတုဇနတွေ့ဆုံပွဲကနေ ကူးယူထားတာပါ

ရန်ကုန် န.ပ.သ ကျောင်းသားဘဝမှတ်စုများ - ဆိုတဲ့
Like Pageမှာလည်း တွေ့မြင်နိုင်ပါတယ်။

Thursday, 18 December 2014

နပသဝင်ခွင့် Apk

 နပသ၀င်ခွင့် Android Apkကို အောက်ပါ Linkမှာ ဒေါင်းပါ။
Download Link

Wednesday, 10 December 2014

အကြံပြု တိုက်တွန်းလွှာ

တက္ကသိုလ်သို့ တက်ရောက်ခွင့် ရပြီဆိုသော်လည်း အချို့မှာ အောက်ခြေလွတ် ဘ၀မေ့ဖြစ်သွားတတ်ကြသည်။ တက္ကသိုလ်၌ တက်ရောက် ပညာသင်ကြားနေပြီဆိုကာမှ စာကြိုးစားသင်ယူလိုစိတ် လျော့ပါးသွားပြီး ပေါ့ပေါ့လျော့လျော့နေမိသောကြောင့် စာမေးပွဲ (၂)နှစ်ကျ၍ တက္ကသိုလ်မှ ထုတ်ပယ်ခံရပြီး ဘ၀ပျက်သွားသူများမှာလည်း အများအပြားပင် ရှိနေပါသည်။ အမှန်စင်စစ် သာသနာ့တက္ကသိုလ်သည် မိမိကိုယ်ကို နှိမ့်ချရန်၊ မိမိစိတ်ကို ထိန်းချုပ်ရန်နှင့် အရာရာကို အဖက်ဖက်မှ ဆင်ခြင်သတိထား ကြည့်မြင်တတ်ရန် လေ့ကျင့်ပေးသည့် နေရာသာ ဖြစ်သည်။  ထို့ကြောင့် တက္ကသိုလ်မှာ ပညာသင်ယူခွင့်ရပြီဖြစ်သည့် သင်တန်းသားများအနေဖြင့် ပိုမို၍ ကြိုးစားကာ နေရဦးမည်ဟူသည်ကို ၀င်ခွင့်မရမီကတည်းက သတိချပ်သင့်သည်။
        အချုပ်အားဖြင့် မိမိ၏ ရည်ရွယ်ရင်းအတိုင်း သာသနာ့တက္ကသိုလ်မှ ပေးအပ်မည့်ဘွဲ့ကို အချိန်တိုအတွင်း ရယူ၍ မိမိ၏ သာသနာ့ဝန်ထမ်းဘ၀ကို ရောက်သည့်နေရာ ကြုံသည့်အရပ်၌ သာသနာ့တာဝန် ကျေပွန်စွာ ထမ်းဆောင်ရင်း မြှုပ်နှံသင့်သည်ဟု ကောင်းမြတ်သော သန္နိဋ္ဌာန်ကို ရင်ဝယ်ပိုက်ထားသင့်လှပါသည်။

လူတွေ့မေးမြန်းခြင်း (အင်တာဗျူးကဏ္ဍ)

ရေးဖြေတွင် နှစ်စဉ် သင်တန်းသားဦးရေ တက္ကသိုလ်နှစ်ရပ်ပေါင်း ၂၀၀-ခန့် အောင်မြင်သည်ကို တွေ့ရသည်။ ရေးဖြေ အောင်ပြီးပါက လူတွေ့ မေးမြန်းခြင်း ခံယူရဦးမည်ကို မမေ့နှင့်ဦး။ အချို့မှာ ရေးဖြေအောင်ပြီးသည်နှင့် ၀င်ခွင့်ကိစ္စ ပြီးမြောက်သည် ထင်မှတ်ကာ ခရီးဝေးသို့ ထွက်သွားမိ၍ လူတွေ့မေးမြန်းခြင်း မဖြေဆိုလိုက်ရသဖြင့် တကယ့်အောင်စာရင်းတွင် မပါဘဲ ကျရှုံးကာ ၀င်ခွင့်မရသူများကို နှစ်စဉ်လိုလို တွေ့နေရသည်။
လူတွေ့ မေးမြန်းရာတွင် အဓိကအားဖြင့် ၀င်ခွင့်ဖြေဆိုသူရဟန်းတော်၏ ပြောပုံ၊ ဆိုပုံ၊ မှတ်ဉာဏ်၊ ဗဟုသုတနှင့် ဥပဓိရုပ်တို့ကို အကဲဖြတ်သည်။ ဖြေဆိုသူအနေဖြင့် သဒ္ဒါ၊ အဘိဓမ္မတ္ထသင်္ဂဟထဲမှ ကဏ္ဍအချို့၊ အသုံးများသည့် ၀ိနည်းသိက္ခာပုဒ်အချို့တို့ကို ပြန်နွှေးထားသင့်သည်။
ပြင်ပဗဟုသုတစာပေ ဖတ်ရှုမှု အခြေအနေကိုလည်း မေးမြန်းနိုင်သဖြင့် မိမိနှစ်သက်ရာ စာအုပ်စာတန်းများထဲမှ အကြောင်းအရာ အချို့ကို ဖတ်မှတ် ထုတ်နှုတ်ထားသင့်သည်။ စာမေးသူက “ဘယ်စာအုပ်ဖတ်ဖူးသလဲ”ဟု မေးလာလျှင် အဆင်သင့် ဖြေဆိုနိုင်ရန် ဖြစ်သည်။ ထို့ပြင် မိမိတို့ဒေသရှိ ဘုရားများ၊ ထင်ရှားသည့် အကြောင်းအရာများ၊ သမိုင်းနောက်ခံများ စသည်တို့ကိုလည်း လေ့လာထားသင့်သည်။ စစ်မေးသူများနှင့် ပြောဆိုဆက်ဆံသောအခါ အလွန်နှိမ့်ချ အောက်ကျို့သော (ဖားသော) အမူအရာနှင့် ထောင်လွှားသော မရိုသေသော အမူအရာတို့ကို (လုံးဝ) ရှောင်ကြဉ်ရမည်။

ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာန

ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာနအနေဖြင့်လည်း ကမ္ဘာပေါ်ရှိ ဘာသာတရားများကို အကြမ်းအားဖြင့် နှိုင်းယှဉ်လေ့လာ သင်ကြားခြင်း၊ ဒဿနနိဒါန်း၊ ကျော်ကြားသော ဒဿနပညာရှင်များ၏ အယူအဆအမျိုးမျိုးနှင့် ဗုဒ္ဓ၀ါဒဂိုဏ်းကွဲများ၊ ဗုဒ္ဓ၀ါဒပြန့်ပွားလာပုံ၊ ဗုဒ္ဓဒေသနာပြန့်ပွားလာအောင် ဆောင်ရွက်ရမည့် နည်းလမ်းတို့ကို ပို့ချပေးပါသည်။
        အခြားဘာသာဝါဒတစ်ခု၏ အားနည်းချက်၊ အားသာချက်တို့ကို သိရှိထားမှသာလျှင် အခြားဘာသာဝင်တစ်ယောက်က မိမိတို့ ဘာသာဝါဒအပေါ် စောဒကတက်လာလျှင် ခြေခြေမြစ်မြစ် ပိုင်ပိုင်နိုင်နိုင် ပြန်လည်ချေပ ဆွေးနွေးနိုင်ရန် ဤဌာနက ရည်ရွယ် ပို့ချပေးသည်။
        သင်္ချာဘာသာရပ်ကိုလည်း ကလေးငယ်များအား ပြန်လည်သင်ကြားပေးနိုင်စေရန် ရည်ရွယ်၍ T.T.C များ၌ သင်ကြားသည့်စနစ်အတိုင်း သင်ကြားပေးသည်။

အင်္ဂလိပ်စာပေဌာန

အင်္ဂလိပ်ဘာသာကို ယနေ့ကမ္ဘာနှင့်အ၀ှမ်း သုံးစွဲနေကြသည်။ ယနေ့ ကမ္ဘာ့ဗဟုသုတအထွေထွေကို အင်္ဂလိပ်စာပေမှတစ်ဆင့် လေ့လာဖတ်ရှုရသည်။ အင်္ဂလိပ်စာပေသည် ကမ္ဘာ့ဆက်သွယ်ရေး ပေါင်းကူးတံတားသဖွယ် ဖြစ်လာပေပြီ။ သို့ဖြစ်၍ အင်္ဂလိပ်ဘာသာဖြင့် ဗုဒ္ဓသာသနာကို ကမ္ဘာသို့ ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ချက်များဖြင့် အင်္ဂလိပ်ဘာသာကို သင်ကြားပို့ချပေးခြင်း ဖြစ်သည်။
        အချို့က သာသနာ့တက္ကသိုလ်မှ သင်ရိုးစာအုပ်များကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားပါသလား? ဟု မေးလေ့ရှိကြသည်။ ဤအမေးကို မဖြေဆိုမီ မြန်မာရဟန်းတော်များ၏ အင်္ဂလိပ်စာအဆင့်အတန်းကို စဉ်းစားရန် လိုအပ်လာသည်။ သာသနာ့တက္ကသိုလ်သို့ တက်ရောက်မည့် ရဟန်းတော်များသည် ပထမကြီးတန်းအောင်ထားသူ ဖြစ်ရသည်။ ပထမငယ်၊ ပထမလတ်မှသည် ပထမကြီးတန်း အောင်မြင်သည်အထိ ပဌမပြန်စာမေးပွဲ သက်တမ်းတစ်လျှောက်လုံး အင်္ဂလိပ်စာကို ဘာသာရပ်တစ်ခုအနေဖြင့် မသင်ယူခဲ့ရသဖြင့် ထိုရဟန်းတော်များ၏ အင်္ဂလိပ်စာအခြေခံမှာ ဖိုးသုညအဆင့်တွင်သာ ရှိခဲ့ပါသည်။
        အင်္ဂလိပ်စာဘာသာကို သာသနာ့တက္ကသိုလ်ရောက်မှ စ၍ လေ့လာသင်ယူကြရခြင်းဖြစ်သည်။ ဤအခြေအနေတွင် အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားသည့် သင်ရိုးစာအုပ်များကို အင်္ဂလိပ်ဘာသာစကားဖြင့် ပို့ချပေးမည်ဆိုပါက သင်ရိုးညွှန်းတမ်းနှင့် သင်တန်းသား လိုက်လျောညီထွေမှု မဖြစ်နိုင်တော့ပေ။ သာသနာ့တက္ကသိုလ်က ပို့ချသည်ကို လိုက်နိုင်သည့် အဆင့်အတန်း ရောက်အောင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အပြင်လောကမှာ အနည်းဆုံး (၂)နှစ် (၃)နှစ် သင်ယူရဦးမည် ဖြစ်သည်။ ဤအစီအမံမှာ ရေရှည်အားဖြင့် တွက်ခြေမကိုက်နိုင်ပါ။
        သို့ဖြစ်၍ သင်ရိုးညွှန်းတမ်းနှင့် စာသင်သား လိုက်ဖက်စေရန် သာသနာ့တက္ကသိုလ်များ၍ မြန်မာစာ မြန်မာစကားဖြင့်သာ သင်ကြားပို့ချပါသည်။ သို့သော် သာသနာ့တက္ကသိုလ်၌ (၄)နှစ်သင်တန်းပြီးဆုံးအောင် သင်ယူတတ်မြောက်ပြီးထားသော ရဟန်းတော် တစ်ပါးအဖို့ အင်္ဂလိပ်စာ တတ်ကျွမ်းမှုအဆင့်မှာ အမြင့်ဆုံးမဟုတ်သည့်တိုင် လိုအပ်သည့် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိနေပြီ ဖြစ်ပါသည်။

မြန်မာစာပေဌာန

ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာနသည် သာသနာ့တက္ကသိုလ်များ၌ အလွန်လိုအပ်သော ဌာနတစ်ခုဖြစ်သည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်းကာလ မြန်မာစာပေလောကကို ရဟန်းတော်များ ဦးဆောင်နိုင်ခဲ့သည်။ ကိုလိုနီခေတ်ဦးမှစ၍ နောက်ပိုင်းကာလများ၌မူ ရဟန်းတော်များ ဦးဆောင်မှု အခန်းကဏ္ဍမှာ လျော့နည်းမှေးမှိန်သွားခဲ့သည်။
အကြောင်းတစ်ရပ်အနေဖြင့်ဆိုရလျှင် ပါဠိဘာသာကို တတ်ကျွမ်းပြီးဖြစ်၍ မြန်မာစာကို သင်ယူရန်မလိုဟု ယူဆပြီး မြန်မာစာကို စနစ်တကျ  သင်ယူလေ့ကျင့်မှု အရှိန်အဟုန် လျော့နည်းသွားသောကြောင့် ဖြစ်သည်။ တစ်ခါသော် ဘွဲ့ခံဆရာတော်ကြီးတစ်ပါး၏ စာ (၇)မျက်နှာပါ ထေရုပ္ပတ္တိအကျဉ်းကို လေးဝါကျမျှဖြင့် အပြီးရေးသားထားသည်ကို ဖတ်ရှုရသည်။ ရေးသားထားသော ပုဂ္ဂိုလ်မှာ ပါဠိပါရဂူ၊ ကောဝိဒဘွဲ့များရထားသည့် လူလတ်ပိုင်းအရွယ် ရဟန်းတော်တစ်ပါးဖြစ်သည်။ ထေရုပ္ပတ္တိ၏ ဆိုလိုရင်းကို ကောက်ချက်ချ၍ မရ။ နိဒါန်း၊ နိဂုံးမပါ။ ပါဠိကျမ်းကိုးနှင့် ပျို့၊ လင်္ကာများကို ကြားညှပ် သုံးထားသေးသည်။
ဤဌာနအနေဖြင့် ရှေးဟောင်းကျောက်စာ၊ မင်စာ၊ ပျို့၊ လင်္ကာများကို ပို့ချပေးသည်။ ရန်ကုန်တက္ကသိုလ်၌ ပို့ချနည်းအတိုင်း ပို့ချပေးခြင်း ဖြစ်သည်။ မြန်မာစာပေအရေးအသား တော်စေရေးဟူသော မူကို အကောင်အထည် ပေါ်စေရန် ဤဌာန၏ ထောက်ကူမှုမှာ အရေးပါလှသည်။