Sunday, 31 August 2014
ပင်မစာသင်ဆောင်ရဲ့ အနောက်နား ခရေပင်တန်းကနေ ရိုက်ထားတာ။ တက္ကသိုလ်သင်တန်းသားတွေ လမ်းလျှောက်လေ့ရှိတဲ့ နေရာလေ။ လာခဲ့ပါလား။
Blogger၏ ၀န်ခံချက်
ဤBlog၌ တင်ထားသော
(၁၃၇၄-၇၅)ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း၌ ပါရှိသော
သာသနာ့တက္ကသိုလ်(ရန်ကုန်)၊ 
လ/ထ မော်ကွန်းထိန်းဆရာတော် အရှင်နရိန္ဒ၏စာမူကို
ကူယူးဖော်ပြထားခြင်းဖြစ်ပါသည်
နှုတ်ဖြေစာမေးပွဲဆိုင်ရာ သိရှိရန်
ရေးဖြေစာမေးပွဲအောင်မြင်သူများသည် အောင်စာရင်းထုတ်ပြန်သည့်နေ့မှစ၍ နှုတ်ဖြေစာမေးပွဲ ဖြေဆိုသည့်နေ့ အထိ ခုံနံပါတ်များကို သာသနာဝင်မှတ်တမ်းပြ၍ ကိုယ်တိုင်ပြန်လည် ထုတ်ကြရမည်။ နှုတ်ဖြေစာမေးပွဲ ဖြေဆိုရမည့် နေ့ရက်ကိုလည်း ရေးဖြေအောင်စာရင်းနှင့်အတူ ပူးတွဲ ကြေညာပေးထားမည်။
နှုတ်ဖြေစာမေးပွဲ မေးမြန်းခြင်းသည် စာဖြေရှင်၏ ဥာဏ်ရည်ဥာဏ်သွေးနှင့် အနေအထိုင်၊ အပြောအဆို ဥပဓိသမ္ပတ္တိပြည့်စုံမှု ရှိ၊ မရှိ လက်တွေ့အကဲခတ်သည့်သဘောဖြစ်၍ ဖြေဆိုမည့်သူများအနေဖြင့် ပြဋ္ဌာန်းကျမ်းစာများ နှင့် ပြင်ပဗဟုသုတတို့ကို လေ့လာမှုပြုထားရန် လို၏။ သို့မှလည်း ရေးဖြေ နှုတ်ဖြေ နှစ်ရပ်လုံးအောင်မြင်ပြီး မိမိရည်မှန်းထားသည့်အတိုင်း သာသာနာ့တက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခွင့် ရရှိကြပေလိမ့်မည်။
နှုတ်ဖြေစာမေးပွဲ အောင်စာရင်းထွက်ရက်ကို အတိအကျသတ်မှတ်ထား၍ မရသဖြင့် ဖြေဆိုထားသူများသည် အောင်စာရင်းထွက်ရက်ကို သိရှိနိုင်ရန် သာသာနာ့တက္ကသိုလ်၊ မော်ကွန်းထိန်းရုံး၊ ဖုန်း- 01665362နှင့် 01662997,
095402953 (မော်ကွန်းထိန်းဆရာတော်)သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
တက္ကသိုလ်ဝင်ခွင့်ရရှိသူများ ကြိုတင်သိရှိရန်
နှုတ်ဖြေစာမေးပွဲအောင်မြင်သူများသည် အောင်စာရင်းထွက်သည့်နေ့မှစ၍ မိမိ၏သာသနာဝင်မှတ်တမ်းကို ပြ၍ ကျောင်းဝင်ခွင့်လျှောက်လွှာများကို ထုတ်ယူကြရမည်။ လျှောက်လွှာရရှိပြီးနောက် မိမိဖြေဆိုတင်သွင်းခဲ့ရာ ကျောင်းတိုက်သို့ ပြန်ကြွကာ ကျောင်းထိုင်ဆရာတော်၏ ထောက်ခံစာ၊ မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံစာ၊ ကျန်းမာရေးဌာန ထောက်ခံစာတို့ကို အပြည့်အစုံယူပြီးနောက် တက္ကသိုလ်သို့ အပြီးဝင်ရောက်ကြရမည်။ ယင်းသို့ ၀င်ရောက်ရာတွင် ရှေးဦးစွာ မော်ကွန်းထိန်းရုံးသို့ သွားရောက်၍ မှတ်ပုံတင်ပြပြီးမှ ရုံးမှ သတ်မှတ်ပေးသော ကျောင်းဆောင်များတွင် တရားဝင် နေထိုင်မှု ပြုကြရမည်။
ထို့ကြောင့် သာသနာ့တက္ကသိုလ်သို့ ၀င်ရောက်လိုသူများသည်-
(၁) အစိုးရပထမကြီးတန်း (သို့မဟုတ်) သကျသီဟ၊ စေတိယင်္ဂဏစာမေးပွဲ စာသင်တန်းတစ်ခုခု အောင်မြင်ပြီးသူ ဖြစ်ခြင်း၊
(၂) သက်တော်(၃၀)၊ ၀ါတော်(၁၀)၀ါအတွင်း ဖြစ်ခြင်း၊
(၃) ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံမှုရှိခြင်း -ဟူသော
အဓိကပြည့်စုံရမည့် အချက်များအပြင် ဖော်ပြခဲ့ပြီးသော စည်းကမ်းများအတိုင်း လိုက်နာကြလျက် တက္ကသိုလ်ဝင်ခွင့်ရရေး ကြိုးစားအားထုတ်တော်မူကြပါဟု အသိပေး တိုက်တွန်းမှု ပြုလိုက်ရပေသည်။
ဝင်ခွင့်ဖြေဆိုသူများ အထူးသတိပြု လိုက်နာရမည့် အချက်များ
ဝင်ခွင့်စာမေးပွဲ လာရောက်ဖြေဆိုသူများသည်- စာမေးပွဲခန်းသို့ ၀င်ရောက်သည်နှင့် တစ်ပြိုင်နက် ဆေးလိပ်သောက်ခြင်း၊ ကွမ်းဝါးခြင်း၊ အချင်းချင်း အပြန်အလှန် စကားပြောဆိုခြင်း၊ ရိုင်းပြသော အမူအရာများ ပြုလုပ်ခြင်း၊ အဖြေလွှာများ ရေးကူးလဲလှယ်ခြင်း စသည့် အမှုများကို အထူးရှောင်ကြဉ်၍ သန့်ရှင်းစွာ ဖြေဆိုကြရမည်။ ၀င်ခွင့်ခုံနံပါတ်၊ ဘောလ်ပင်၊ ပေတံမှလွဲ၍ စာမေးပွဲခန်းမအတွင်းသို့ အခြားအရာဝတ္ထုများ ယူဆောင်လာခြင်းကို မပြုလုပ်မိဖို့ လိုသည်။ စာမေးပွဲ ဖြေဆိုရာတွင် အဖြေလွှာတိုင်း၌ ပုစ္ဆာနံပါတ်၊ ခုံနံပါတ်များကို ရေးထိုးထားရှိဖို့ မမေ့ပါနှင့်။ ထို့ပြင် ကြီးကြပ်ရေးဆရာတော်များ၏ စာမေးပွဲနှင့် ပက်သက်သည့် ကြေညာချက်၊ သတိပေးချက်များကို လည်း သတိပြု လိုက်နာကြရန် လိုသည်။
          ရေးဖြေစာမေးပွဲ အောင်စာရင်းထုတ်ပြန်မည့်ရက်ကို စာဖြေခန်းရှေ့ရှိ ကြော်ငြာသင်ပုန်းနှင့် မော်ကွန်းထိန်းရုံး ရှေ့ရှိ ကြော်ငြာသင်ပုန်းများတွင် အချိန်မီ ထုတ်ပြန်ကြေညာပေးသွားမည်။
မေးခွန်းလွှာ(၂) အင်္ဂလိပ်စာဘာသာ မေးခွန်းလွှာအပိုင်း
အင်္ဂလိပ်စာဘာသာ မေးခွန်းလွှာတွင်မူ ပြင်ပတက္ကသိုလ်စာမေးပွဲ (တက္ကသိုလ်ဝင်တန်း)အဆင့်အထိ အရည်အချင်း ပြည့်မီအောင် လေ့လာထားကြရန် လိုပေသည်။
ယခင်မေးထားသော မေးခွန်းဟောင်းများကို လေ့လာကြည့်သောအခါ-
(၁) မေးခွန်းတို့ကို ဖြေကြားစေခြင်း၊
(၂) ကတ္တားဟောဝါကျ Active Voiceကို ကံဟောဝါကျ Passive Voiceသို့၊ ကံဟောဝါကျ Passive Voiceကို ကတ္တားဟောဝါကျ Active Voiceသို့ အပြန်အလှန် ပြောင်းလဲစေခြင်း၊
(၃) ဗုဒ္ဓဘာသာ သင်္ခန်းစာများဆိုင်ရာ အကြောင်းအရာ မှတ်စုရေးစေခြင်း၊
(၄) ရှည်လျားသော ၀ါကျကြီးများကို အကျဉ်းချုပ်သံခိပ် Summary ရေးသားစေခြင်း၊
(၅) ပေးစာ Letter ရေးသားစေခြင်း၊
(၆) စာစီစာကုံး Essay ရေးသားစေခြင်း-စသည့် မေးခွန်းများ မေးထားသည်ကို တွေ့ရ၏။ ထို့ကြောင့် ယင်းဘာသာရပ် မေးခွန်းကို ဖြေဆိုနိုင်အောင် သဒ္ဒါ (Grammar)၊ ဗုဒ္ဓဘာသာအခြေခံ အသုံးအနှုန်း (Usage)၊ ပေးစာ ပြန်စာ (Letter)၊ စာစီစာကုံး (Essay)ရေးနည်းများကို ကျွမ်းကျင်အောင် လေ့ကျင့်ထားစေလိုပါသည်။
မေးခွန်းလွှာ (၂) ပါဠိနှင့်အင်္ဂလိပ်ဘာသာမေးခွန်းလွှာ
ဒုတိယနေ့တွင် ပါဠိနှင့်အင်္ဂလိပ်ဘာသာမေးခွန်းလွှာကို ဆက်လက်ဖြေဆိုကြရမည်။ ယင်းမေးခွန်းလွှာတွင် ပါဠိဘာသာမေးခွန်း(၅)ပုစ္ဆာ၊ အင်္ဂလိပ်ဘာသာမေးခွန်း (၅)ပုစ္ဆာ ဖြေဆိုကြရမည်။
အပိုင်း(၁) ပါဠိဘာသာအတွက် အမှတ်(၂၀)၊ အပိုင်း(၂) အင်္ဂလိပ်ဘာသာအတွက် အမှတ်(၂၀) စုစုပေါင်း အမှတ်(၄၀) ရမှ အောင်မှတ်ရမည် ဖြစ်သည်။ ပါဠိဘာသာ မေးခွန်းလွှာအတွက် ပထမကြီးတန်းပြဋ္ဌာန်းချက် ကစ္စည်းသဒ္ဒါဘာသာ နှင့် ဇာတ်အဋ္ဌကထာ ဘာသာပြန်ဘာသာတို့ကို ပြန်လည် လေ့လာ ကျက်မှတ်ထားရမည်။
          ကစ္စည်းဘာသာရပ်တွင် ကစ္စည်းသဒ္ဒါကြီး ရှစ်စောင်လုံးကို ပြန်လည်လေ့လာထားရမည်။ အကြောင်းမှာ မေးခဲ့ပြီးသော မေးခွန်းဟောင်းများကို လေ့လာကြည့်လျှင် သန္ဓိပုဒ်ဖြတ်၊ ပုဒ်စပ်၊ နာမ်ဂိုဏ်း၊ ၀ိဘတ်သွယ်၊ အာချတ် ကြိယာ၊ ဓာတ်ပစ္စည်းခွဲ၊ ကာရကပုဒ်များ၏ ၀ိဘတ္တိနှင့် ၀ိယသတ္ထ၊ သမာသ်ပုဒ်များ ၀ိဂ္ဂဟပြု၊ တဒ္ဓိတ်ပုဒ်များကို ပုဒ် ပစ္စည်း ဝေဖန်၊ တဒ္ဓိတ်ဝိဂ္ဂဟပြု၊ ကိတ်ပုဒ်များကို ဓာတ် ပစ္စည်း ခွဲခြင်းများ မေးမြန်းထားသည်ကို တွေ့ရသောကြောင့် ဖြစ်ပါသည်။
ပါဠိပုစ္ဆာများကို လေ့လာကြည့်သောအခါ-
(က) ပါဠိဝါကျများကို မြန်မာဘာသာသို့ ပြန်ဆိုစေခြင်း၊
(ခ) မြန်မာဝါကျများကို ပါဠိဘာသာသို့ ပြန်ဆိုစေခြင်း၊
(ဂ)  ပဓာနကြိယာပုဒ်များကိုသာ ဖော်ပြပြီး ယင်းကြိယာနှင့် ဆီလျော်မည့် ကတ္တား၊ ကံ၊ ကရိုဏ်း သမ္ပဒါန်ပုဒ်များ ဖြည့်စွက်စေခြင်း၊
(ဃ) ကြိယာပုဒ်များစွာပါသော ၀ါကျတစ်ခုကို ၀ါကျများ ခွဲခြားစိတ်ဖြာစေခြင်းစသည့် ပုစ္ဆာများကို တွေ့ရပေသည်။ ယင်းပုစ္ဆာများကို ခြုံကြည့်လျှင် ပထမကြီးတန်းဘာသာပြန်မေးခွန်း ဇာတ်အဋ္ဌကထာဘာသာရပ်ကို မေးထားခြင်းဖြစ်ရာ ယင်းပုစ္ဆာများကို လွယ်ကူစွာ ဖြေဆိုနိုင်ဖို့ ပထမကြီးတန်း ဇာတ်အဋ္ဌကထာ ဘာသာကို ပြန်လည်လေ့လာထားရမည်။
အချုပ်အားဖြင့်ဆိုရသော် ဒုတိယနေ့ ပါဠိဘာသာမေးခွန်းလွှာအတွက် ပထမကြီးတန်း ကစ္စည်းသဒ္ဒါဘာသာနှင့် ဇာတ် အဋ္ဌကထာဘာသာပြန် ဘာသာရပ်တို့ကို ကျေညက်စွာ လေ့လာထားပါလျှင် ယင်းပါဠိဘာသာရပ်ပုစ္ဆာကို လွယ်ကူစွာ ဖြေဆိုနိုင်ပါလိမ့်မည်။
ဝင်ခွင့်စာမေးပွဲ ဖြေဆိုမှုဆိုင်ရာ
ဝင်ခွင့်စာမေးပွဲ ဖြေဆိုရာ၌ ယခုစနစ်သစ်ပြဋ္ဌာန်းချက်မူအရ မေးခွန်းလွှာ ၂-လွှာ ဖြေဆိုရမည်ဖြစ်ပြီး တစ်ရက် လျှင် (၁)ဘာသာနှုန်းဖြင့် (၂)ရက်ဆက်တိုက် ဖြေဆိုရပါမည်။
ဖြေဆိုချိန်မှာ- မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရီအထိ သုံးနာရီ။ ဖြေဆိုချိန်စတင်သည်မှ နာရီဝက်နောက်ကျ၍ ရောက်လာသူများကို စာဖြေခန်းအတွင်းသို့ ၀င်ရောက်ဖြေဆိုခွင့် ပြုမည်မဟုတ်ပေ။
ဖြေဆိုမည့်သူများသည် မိမိ၏ ခုံနံပါတ်ကတ်ပြားနှင့် သာသနာဝင်မှတ်တမ်းကို အပြည့်အစုံ ယူဆောင်လာကြရ မည်။ အကြောင်းမှာ သက်ဆိုင်ရာ စာမေးပွဲ ကြီးကြပ်သူများက လိုအပ်၍ စစ်ဆေးမှုများ ပြုလုပ်သည့်အခါ အဆင်သင့် တင်ပြနိုင်ရန် ဖြစ်သည်။
ဖြေဆိုသည့်ဘာသာရပ်အနေအားဖြင့်-
(၁) ပထမနေ့တွင် ၀ိနယ၊အဘိဓမ္မနှင့်ဗဟုသုတဘာသာ
(၂) ဒုတိယနေ့တွင် ပါဠိနှင့်အင်္ဂလိပ်ဘာသာ မေးခွန်းလွှာတို့ကို တစ်ဘာသာလျှင် တစ်ရက်ကျ နှစ်ရက် ဆက်တိုက် ဖြေဆိုရမည်။
ပထမနေ့ ပထမမေးခွန်းလွှာနှင့် ပတ်သက်၍-
ဝိနယ၊ အဘိဓမ္မနှင့် ဗဟုသုတမေးခွန်းလွှာတွင် ၀ိနယနှင့် အဘိဓမ္မဘာသာတို့၌ ပထမကြီးတန်းစနစ်သစ်မူအတိုင်း ရိုးရိုး အဓိပ္ပါယ်၊ ဥာဏ်စမ်းအဓိပ္ပါယ်၊ သရုပ်ပိုင်းဆိုင်ရာ သုံးမျိုးလုံး မေးခွင့်ရှိပြီး ဖြေဆိုသူများအနေဖြင့် ပထမကြီးတန်း အောင်မြင်ခဲ့စဉ်က ပြဋ္ဌာန်းချက် ကျမ်းစာများကို ကျေညက်အောင် ပြန်လည်လေ့လာထားရန် လိုသည်။ သို့မှသာ ၎င်း ဘာသာရပ်ဆိုင်ရာ မေးခွန်းများကို ရာနှုန်းပြည့် ဖြေဆိုနိုင်မည် ဖြစ်သည်။ စာစီစာကုံးဆန်ဆန် ပုစ္ဆာများလည်း မေးနိုင် သဖြင့် ပုစ္ဆာအနေအထားကို ကြည့်၍ လိမ္မာပါးနပ်စွာ ဖြေဆိုနိုင်အောင် ကြိုတင်လေ့ကျင့်ထားရမည်။
ဗဟုသုတဘာသာရပ်အပိုင်းတွင်မူ သင်္ချာ၊ သရုပ်၊ အဓိပ္ပါယ်၊ စာစီစာကုံးဆန်ဆန်ဖြေဆိုရမည့် ပုစ္ဆာများ ပါဝင်သည်။ မေးနိုင်သော အကြောင်းအရာများမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး ပေါ်ပေါက်လာပုံမှအစ သံဃာ့အဖွဲ့ အစည်း အဆင့်ဆင့်၏ ဘာသာရေး၊ သာသနာရေးလုပ်ဆောင်ချက်များ၊ သာသနာရေးဝန်ကြီးဌာန၏ သာသနာရေး ဆိုင်ရာ လုပ်ဆောင်ချက်များ၊ မြန်မာနိုင်ငံအတွင်းရှိ စာသင်တိုက်ကြီးများနှင့် ရိပ်သာများ၏ အရေအတွက်၊ ယင်းတို့၏ လုပ်ဆောင်ချက်အကျဉ်း၊ ထင်ရှားသော ဘာသာရေး သာသနာရေး အသင်းအဖွဲ့များနှင့် ယင်းအဖွဲ့များ၏ လုပ်ဆောင် ချက်များ၊ မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ သမိုင်းဝင် စေတီပုထိုးများသမိုင်း၊ ယင်းတို့၏ တည်ရှိရာဒေသ၊ မြို့နယ်၊ တိုင်းနှင့် ပြည်နယ်အမည်များ၊ ထေရ၀ါဒဗုဒ္ဓသာသနာ ကမ္ဘာအရပ်ရပ်သို့ ရောက်ရှိပြန့်ပွားသွားပုံ၊ ဗုဒ္ဓခေတ် ထင်ရှားသော ထေရာ ထေရီ ဥပါသကာ ဥပါသိကာများ၊ ပုဂံခေတ်မှ မျက်မှောက်ခေတ်အထိ ထင်ရှားသော ပရိယတ် ကျမ်းတတ်အကျော် ပုဂ္ဂိုလ်မော်များ၏ အတ္ထုပ္ပတ္တိနှင့် ယင်းပုဂ္ဂိုလ်များ ပြုစုခဲ့သည့် ထင်ရှားသော ကျမ်းစာများစာရင်းကို မေးနိုင်သည်။ ယင်းအကြောင်းအရာများကိုလည်း လေ့လာမှတ်သားထားရမည်။
          ဖြေဆိုရာ၌ ဓမ္မဓိဋ္ဌာန်မေးခွန်း၊ သချာင်္သရုပ်နှင့် စကားပြေ သုံးမျိုးလုံး မေးနိုင်သဖြင့် မေးထားသော မေးခွန်း အပေါ်မူတည်ပြီး ၂-မျက်နှာမှ ၄-မျက်နှာခန့်အထိ ဖြေဆိုရပါမည်။ ဤဗဟုသုတဘာသာရပ်သည် ဖြေဆိုသူ၏ ဗဟုသုတ လိုက်စားမှုနှင့် မြန်မာစာအရေးအသား အဆင့်အတန်းကို အကဲဖြတ်လို၍ မေးခြင်းဖြစ်ရာ အကြောင်းအရာ တစ်ခုကို အခြေခံလျက် စာဖတ်သူ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားနိုင်ရပါမည်။ သို့မှလည်း ပုစ္ဆကမေးလိုသည့် အာဘော်ကို မိ၍ အမှတ်ရနိုင်ပါမည်။