Sunday, 31 August 2014

ဝင်ခွင့်စာမေးပွဲ ဖြေဆိုမှုဆိုင်ရာ

ဝင်ခွင့်စာမေးပွဲ ဖြေဆိုရာ၌ ယခုစနစ်သစ်ပြဋ္ဌာန်းချက်မူအရ မေးခွန်းလွှာ ၂-လွှာ ဖြေဆိုရမည်ဖြစ်ပြီး တစ်ရက် လျှင် (၁)ဘာသာနှုန်းဖြင့် (၂)ရက်ဆက်တိုက် ဖြေဆိုရပါမည်။
ဖြေဆိုချိန်မှာ- မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရီအထိ သုံးနာရီ။ ဖြေဆိုချိန်စတင်သည်မှ နာရီဝက်နောက်ကျ၍ ရောက်လာသူများကို စာဖြေခန်းအတွင်းသို့ ၀င်ရောက်ဖြေဆိုခွင့် ပြုမည်မဟုတ်ပေ။
ဖြေဆိုမည့်သူများသည် မိမိ၏ ခုံနံပါတ်ကတ်ပြားနှင့် သာသနာဝင်မှတ်တမ်းကို အပြည့်အစုံ ယူဆောင်လာကြရ မည်။ အကြောင်းမှာ သက်ဆိုင်ရာ စာမေးပွဲ ကြီးကြပ်သူများက လိုအပ်၍ စစ်ဆေးမှုများ ပြုလုပ်သည့်အခါ အဆင်သင့် တင်ပြနိုင်ရန် ဖြစ်သည်။
ဖြေဆိုသည့်ဘာသာရပ်အနေအားဖြင့်-
(၁) ပထမနေ့တွင် ၀ိနယ၊အဘိဓမ္မနှင့်ဗဟုသုတဘာသာ
(၂) ဒုတိယနေ့တွင် ပါဠိနှင့်အင်္ဂလိပ်ဘာသာ မေးခွန်းလွှာတို့ကို တစ်ဘာသာလျှင် တစ်ရက်ကျ နှစ်ရက် ဆက်တိုက် ဖြေဆိုရမည်။
ပထမနေ့ ပထမမေးခွန်းလွှာနှင့် ပတ်သက်၍-
ဝိနယ၊ အဘိဓမ္မနှင့် ဗဟုသုတမေးခွန်းလွှာတွင် ၀ိနယနှင့် အဘိဓမ္မဘာသာတို့၌ ပထမကြီးတန်းစနစ်သစ်မူအတိုင်း ရိုးရိုး အဓိပ္ပါယ်၊ ဥာဏ်စမ်းအဓိပ္ပါယ်၊ သရုပ်ပိုင်းဆိုင်ရာ သုံးမျိုးလုံး မေးခွင့်ရှိပြီး ဖြေဆိုသူများအနေဖြင့် ပထမကြီးတန်း အောင်မြင်ခဲ့စဉ်က ပြဋ္ဌာန်းချက် ကျမ်းစာများကို ကျေညက်အောင် ပြန်လည်လေ့လာထားရန် လိုသည်။ သို့မှသာ ၎င်း ဘာသာရပ်ဆိုင်ရာ မေးခွန်းများကို ရာနှုန်းပြည့် ဖြေဆိုနိုင်မည် ဖြစ်သည်။ စာစီစာကုံးဆန်ဆန် ပုစ္ဆာများလည်း မေးနိုင် သဖြင့် ပုစ္ဆာအနေအထားကို ကြည့်၍ လိမ္မာပါးနပ်စွာ ဖြေဆိုနိုင်အောင် ကြိုတင်လေ့ကျင့်ထားရမည်။
ဗဟုသုတဘာသာရပ်အပိုင်းတွင်မူ သင်္ချာ၊ သရုပ်၊ အဓိပ္ပါယ်၊ စာစီစာကုံးဆန်ဆန်ဖြေဆိုရမည့် ပုစ္ဆာများ ပါဝင်သည်။ မေးနိုင်သော အကြောင်းအရာများမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး ပေါ်ပေါက်လာပုံမှအစ သံဃာ့အဖွဲ့ အစည်း အဆင့်ဆင့်၏ ဘာသာရေး၊ သာသနာရေးလုပ်ဆောင်ချက်များ၊ သာသနာရေးဝန်ကြီးဌာန၏ သာသနာရေး ဆိုင်ရာ လုပ်ဆောင်ချက်များ၊ မြန်မာနိုင်ငံအတွင်းရှိ စာသင်တိုက်ကြီးများနှင့် ရိပ်သာများ၏ အရေအတွက်၊ ယင်းတို့၏ လုပ်ဆောင်ချက်အကျဉ်း၊ ထင်ရှားသော ဘာသာရေး သာသနာရေး အသင်းအဖွဲ့များနှင့် ယင်းအဖွဲ့များ၏ လုပ်ဆောင် ချက်များ၊ မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ သမိုင်းဝင် စေတီပုထိုးများသမိုင်း၊ ယင်းတို့၏ တည်ရှိရာဒေသ၊ မြို့နယ်၊ တိုင်းနှင့် ပြည်နယ်အမည်များ၊ ထေရ၀ါဒဗုဒ္ဓသာသနာ ကမ္ဘာအရပ်ရပ်သို့ ရောက်ရှိပြန့်ပွားသွားပုံ၊ ဗုဒ္ဓခေတ် ထင်ရှားသော ထေရာ ထေရီ ဥပါသကာ ဥပါသိကာများ၊ ပုဂံခေတ်မှ မျက်မှောက်ခေတ်အထိ ထင်ရှားသော ပရိယတ် ကျမ်းတတ်အကျော် ပုဂ္ဂိုလ်မော်များ၏ အတ္ထုပ္ပတ္တိနှင့် ယင်းပုဂ္ဂိုလ်များ ပြုစုခဲ့သည့် ထင်ရှားသော ကျမ်းစာများစာရင်းကို မေးနိုင်သည်။ ယင်းအကြောင်းအရာများကိုလည်း လေ့လာမှတ်သားထားရမည်။
          ဖြေဆိုရာ၌ ဓမ္မဓိဋ္ဌာန်မေးခွန်း၊ သချာင်္သရုပ်နှင့် စကားပြေ သုံးမျိုးလုံး မေးနိုင်သဖြင့် မေးထားသော မေးခွန်း အပေါ်မူတည်ပြီး ၂-မျက်နှာမှ ၄-မျက်နှာခန့်အထိ ဖြေဆိုရပါမည်။ ဤဗဟုသုတဘာသာရပ်သည် ဖြေဆိုသူ၏ ဗဟုသုတ လိုက်စားမှုနှင့် မြန်မာစာအရေးအသား အဆင့်အတန်းကို အကဲဖြတ်လို၍ မေးခြင်းဖြစ်ရာ အကြောင်းအရာ တစ်ခုကို အခြေခံလျက် စာဖတ်သူ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားနိုင်ရပါမည်။ သို့မှလည်း ပုစ္ဆကမေးလိုသည့် အာဘော်ကို မိ၍ အမှတ်ရနိုင်ပါမည်။

No comments:

Post a Comment