Sunday, 3 April 2016

အမေကြားပါစေ...

အမေကြားပါစေ...
(တက္ကသိုလ်ကိုလော၊ ဟင်္သာတ)
============================================
အခါတွေလည်းနှောင်းကုန်ပြီနော်။ အမေ့ရင်ခွင်ကို ကျွန်တော်မျှော်နေခဲ့တာ ကြာပါပြီ။ ပြောပြရမလား အမေ။ အမေ ကြားချင်မှာပါ။ သားပြောပြမယ်။ ကျွန်တော် သင်္ကန်းစ၀တ်ကတည်းကပါ။ ၂၀၀၃-ခုနှစ်ပေါ့ အမေရယ်။ ကျွန်တော်လေ ဘာမှန်းတော့မသိပါဘူး။ ရွာကျောင်းဆရာတော်က "ငါ မတက်လိုက်ရတဲ့ သာသနာ့တက္ကသိုလ်ကို မင်းတက်ရအောင် လုပ်"လို့ ခဏခဏ ပြောပါတယ်။ ကျွန်တော်လည်း ဆရာသမားစကားကို နားထောင်ပြီး ကြိုးစားခဲ့ပါတယ်။ မှန်းထားခဲ့သော်လည်း ပထမနှစ်မှာ ၀င်ခွင့်မအောင်ခဲ့ပါဘူး အမေရယ်။ ဒါပေမဲ့ ကျွန်တော်အားမလျော့ခဲ့ပါဘူး။ နောက်တစ်နှစ် ထပ်ဖြေခဲ့ပါတယ် အမေ။ ကျွန်တော့် ရည်မှန်းချက်၊ ဆရာသမားရဲ့ မျှော်လင့်ချက် အားလုံးပြည့်ခဲ့ပါတယ် အမေ။
ဘာဖြစ်ဖြစ်ပါ။ အမေ ကျွန်တော့်ကိုလက်ခံခဲ့တယ်လို့ သဘောထားပါတယ်။ ဆရာသမားရဲ့ ဆန္ဒကို ဖြည့်ဆည်းခွင့်ရခဲ့လို့ ကျွန်တော် ပျော်နေမိပါတယ်။ ပျော်ခဲ့ဖူးတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ် အမေ။ ကျွန်တော့်ဘ၀ဟာ ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျပါစေ-ဆိုတဲ့ဆုနဲ့ ဝေးနေခဲ့သူ တစ်ယောက်ပါ အမေ။ မိဘရဲ့ဆန္ဒက သင်္ကန်းဝတ်စေ ချင်တာလေ။ ဒီတော့ ကျွန်တော်ကလည်း မိဘစကားကို မပယ်ရှားတတ်သူမို့ မိဘစကားကို နားထောင်ခဲ့ပါတယ်။ ထို့အတူ ဆရာသမားကလည်း သာသနာ့တက္ကသိုလ်ကို တက်ရအောင်ကြိုးစားဆိုတော့လည်း ကျနော်ကြိုးစားခဲ့ပါတယ်။
သို့သော် မိဘနှင့် ဆရာသမားတို့က ကျွန်တော် ဘာဖြစ်ချင်နေလဲ ဆိုတာကိုတော့ မမေးခဲ့ကြပါဘူး။ ကျွန်တော်ကလည်း မေးမှဖြေမယ်လို့ ဆုံးဖြတ်ထားတာပါ။ ယနေ့ထိ ဘယ်သူမှ ကျွန်တော်ဆန္ဒကို မမေးခဲ့ကြပါဘူး။ ဒါကို ၀မ်းနည်းစရာလို့ ထင်ရမှာလား။ ကျွန်တော့် အတွက်တော့ ၀မ်းနည်းစရာ မဟုတ်ပါဘူး။ ဒါပေမဲ့ အလုပ်တစ်ခုကို ဆန္ဒမပါဘဲ လုပ်နေရလို့ ထိပ်ဆုံးကို မရောက်နိုင်တာလား ဆိုတဲ့ မေးခွန်းကိုတော့ ကျွန်တော် မေးနေမိတယ် အမေ။ ကျွန်တော့်ယူဆချက် မှားရင်လည်း မှားလိမ့်မယ်။ သို့သော် မိဘနှင့်ဆရာသမားတို့ ဆန္ဒကိုတော့ ကျွန်တော်ဖြည့်ပေးနိုင်ခဲ့ပါတယ် အမေ။ အခုတော့ အမေ့ အရိပ်ကို ကျွန်တော် ခိုလှုံခွင့်ရခဲ့ပါပြီ။
အမေ့အရိပ်ကို ကျွန်တော်ပြေးဝင်လာခဲ့တယ်။ လက်ဗလာနဲ့ပါ။ ဘာမှပါမလာတဲ့ ကျွန်တော့်ကို အမေက နွေးထွေးမှု၊ ကြင်နာမှုများစွာဖြင့် ဆီးကြိုနေတာကို ကျွန်တော်မြင်ရတော့ ပြောမပြတတ်အောင် ၀မ်းသာနေမိပါ တယ်။ အမေ့ရင်ခွင်ဟာ ကမ္ဘာပေါ်မှာ အအေးမြဆုံးဆိုတာကို ကျွန်တော်လက်ခံလိုက်ပါပြီ အမေ။ အမှန်တကယ်တော့ အမေတိုင်းရဲ့ ရင်ခွင်မှာ သားသမီးတိုင်း ပျော်နေကြမှာပါ။ အခု ကျွန်တော်ခိုလှုံနေတဲ့ ရင်ခွင်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့အတူ နောင်တော်ç ညီတော်တို့ လည်း မေ့မှာမဟုတ်ပါဘူး။ မေ့လည်း မမေ့စေချင်ပါဘူး။ အားလုံး မမေ့ကြရဘူးနော်...။
အမေ ကျွန်တော့်အတွက်တော့ ကျွန်တော် တာဝန်ယူပါတယ်။ အများအတွက်တော့ ကျွန်တော် တာဝန် မယူနိုင်တာ ခွင့်လွှတ်ပေးပါ အမေ။ ဒါပေမဲ့ ကျွန်တော် ယုံကြည်ပါတယ်။ အားလုံးသော နောင်တော်ç ညီတော်တွေ ဟာ အမေ့ကျေးဇူးကို မမေ့နိုင်ကြပါဘူး။ သေချာပါတယ် အမေရယ်။ အားလုံးက စိတ်တူကိုယ်မျှ ညီညွှတ်ကြတဲ့ သူတွေပါ အမေ။ ကျွန်တော်ကတော့ အမေ့အရိပ်ကိုခို၊ အမေကျွေးတာကိုစား အစာဝလို့ ဌာနကိုပြန်သွားတဲ့ ဗျိုင်းလို လူစားမျိုး မဟုတ်ရပါဘူး အမေ။ နေညိုညို တိမ်တောက် လို့ ဆည်းဆာချိန် မှောင်ရီသန်းရင် နားခိုနေကျ အသိုက် အမြုံကို ပြန်လာနေကျ အိပ်တန်းတက် ငှက်ကလေးလို ပါအမေ။ ကျွန်တော်လေ အမေ့ရင်ခွင်ကို လွမ်းနေရတော့မယ် ထင်ပါရဲ့ အမေရယ်။
အများက ပြောကြတယ် အမေ။ မင်းတို့တွေ ဗီဇာကုန်တော့မယ်တဲ့။ သူတို့တွေပြောတာ ဟုတ်ပါတယ် အမေ။ ကျွန်တော့်အတွက်တော့ ဗီဇာက လပိုင်းလောက်ပဲ ကျန်ပါတော့တယ် အမေရယ်။ ကျွန်တော်က မခွဲချင်ပေမဲ့ တာဝန်နှင့်ဝတ္တရားအရ ခွဲရတော့မှာပါ။ ကျွန်တော် အမေ့ ရင်ခွင်ရိပ်မှာ နေလာတာ ယခုနှစ်ဆို လေးနှစ်ပြည့်တော့မယ် အမေ။ အမေကတော့ သတိထားမိမှာ မဟုတ်ပါဘူးလေ။ ကျွန်တော်ကတော့ ဝေးရမယ့်ရက်တွေကို လက်ချိုး ရေနေမိ တယ် အမေ။ အမေ့ရင်ခွင်မှာ နေခဲ့ရတာ ကျွန်တော် ပျော်ပါ တယ်။ ဒါပေမဲ့ အကြောက်တရားတွေလည်း ရှိနေပါတယ် အမေရယ်။
အမေက ကြောက်စရာကောင်းနေလို့ မဟုတ်ပါ ဘူး။ ကျွန်တော့်ဘ၀က အစာကိုလည်း စားချင် ရန်သူကို လည်း ကြည့်နေရတဲ့ ကျီးလိုဘ၀မျိုးမို့ပါ အမေ။ အမေ့ရင်ခွင်မှာ အမြဲနေချင်ပါတယ်။ သို့သော် ကျွန်တော်တို့ က အနည်းဆုံး လေးနှစ်ပဲနေခွင့်ရတာလေ။ ဒါကြောင့် အေးမြတဲ့ အမေ့ရင်ခွင်မှာ အနေကြာလာတော့ သံယောဇဉ် ဖြစ်နေပြီ။ မမြင်ရတဲ့ သံယောဇဉ်ကြိုးက အမေနဲ့ ကျွန်တော့် ကြားမှာ ခိုင်မြဲစွာ အမြစ်တွယ်နေပြီ အမေ။ အမေကတော့ ပန်းပျိုးသူပဲလေ။ မိမိပျိုးခဲ့တဲ့ အပင်လေးတွေကိုတော့ နုတ်ပစ် မှာ မဟုတ်ပါဘူး။ ကျွန်တော်ကလည်း အမေ့ပျိုးပင်များ ထဲက တစ်ပင်ပေါ့ အမေရယ်။ အမေ ပန်းပင်လေးတွေကို ဘာကြောင့် ပျိုးနေခဲ့တာလဲ။ သူတို့နဲ့ရော စကားပြောဖူးလား။ ပြောကြည့်လိုက်ပါ အမေ။
ပန်းပျိုးသူတိုင်းရဲ့ ရည်ရွယ်ချက်က သူတို့ပျိုးလိုက် တဲ့ အပင်လေးတွေ အသက်ရှင်သန်ပြီး အဖူးç အပွင့်တွေနဲ့ ဝေဆာနေတာကို မြင်ချင်လို့ပါပဲ။ ကျွန်တော် နားလည်ပါ တယ် အမေ။ အမေ့မျှော်လင့်ချက်တွေကို ကျွန်တော် အားသွန်ခွန်စိုက် ကြိုးစားပြီး ထမ်းဆောင်မှာပါ အမေ။ အမေက တာဝန်ကျေမှတော့ ကျွန်တော်ကလည်း တာဝန်ကျေ ရပါစေမယ် အမေ။ အမေက လေးနှစ်ပတ်လုံး ရာသီမရွေး၊ အချိန်မရွေး ရေလောင်း ပေါင်းသင်ပြီး ကျနော်တို့ဘ၀တွေကို လှလှပပ ရှင်သန်စေခဲ့ပြီးပါပြီ။ အမေ့တာဝန် ကျေပါပြီ အမေရယ်။ အမေ့ရင်ခွင်မှာ ခိုလှုံခွင့်ရတာ ကျွန်တော့်အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ခုပါ။ အမေ့ရင်ခွင်ကို အနဂ္ဃရင်ခွင် လို့ တင်စားလိုက်ပါရစေ အမေရယ်။ ကျွန်တော်ကတော့ တောင်တန်းကို သာသနာပြုသွားရတော့ မှာမို့ အမေ့ရင်ခွင်ကို လွမ်းနေရတော့မှာပါ။ အမေလည်း ကျွန်တော့်ကို...
အမေပျိုးခဲ့တဲ့ ပျိုးပင်လေး လောကအလယ်မှာ လှပစွာ ရှင်သန်သွားမှာပါ အမေ။ မိဘမျက်နှာကို အိုးမည်းသုတ်သလိုတော့ ကျွန်တော်မလုပ်ပါဘူး အမေ။ စိတ်ချပါအမေ။ လောကအလယ်မှာ ကျွန်တော့်ဘ၀ကို အမေပေးလိုက်တဲ့ ရေသောက်မြစ်များနဲ့ လှပပြီး တောက်ပ နေတဲ့ ပန်းများပွင့်လန်းလာအောင် ကျွန်တော် ကြိုးစားသွား မယ် အမေ။ တောင်တန်းသာသနာပြုအတွက် ကျနော် ပြင်စရာရှိတာတွေကို ကြိုတင်ပြင်ဆင် ထားလိုက်တော့မယ် အမေ။ ကျွန်တော့် ကုသိုလ်ကံပါရမီကို ကျနော်သိပါတယ်။ မဟာတန်းကို မပါနိုင်မှန်း ကျွန်တော်သိပါတယ် အမေ။ ကျွန်တော်က ပညာပါရမီ နည်းပါတယ်။ အားထုတ်ပေမဲ့ ကျွန်တော့်ထက် တော်တဲ့သူတွေက အများသားအမေရဲ့။ ကျနော့်အနေဖြင့် မဟာတန်းကိုတော့...
သာသနာ့အရေးမို့ ကျွန်တော့်အတွက်တော့ အားဆေးပဲလိုပါတယ်။ အားဆေးဆိုတာ အမေ့မေတ္တာကို ပြောတာပါအမေ။ ဘယ်လို နေရာဒေသကို ကျမယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ ကြိုတင်မသိရတော့ ပြောရခက်ပါတယ် အမေ။ ကျွန်တော့်အတွက်တော့ ဘယ်နေရာပဲကျကျ ဖြစ်ပါ တယ်။ အမေကျစေချင်တဲ့ နေရာကို ကျွန်တော်ကတော့ ရောက်အောင်သွားမှာပါ။ ဟိုရောက်လို့ အမေ့ရင်ခွင်ကို လွမ်းတဲ့အခါ ကျွန်တော့်ကို တမ်းတခွင့်လေးတော့ ပြုပါ အမေရယ်။ တောင်တန်းဆိုတာက အခက်အခဲများစွာနဲ့ပါ။ မည်သူမဆို ကြုံတွေ့ကြရမှာမို့ ကျနော့်အနေနဲ့ တမူးပိုပြီး မငြီးလိုပါဘူး အမေ။ တောင်တန်းရောက်မှ တောင်တန်းရဲ့ သဘာဝအလှတရားများကို ကျွန်တော့်အနေဖြင့် ...
ရာသီတွေပြောင်း နှစ်တွေဟောင်းလည်း တောင် တန်းသာသနာပြုတာဝန် ပြီးသွားရင်တော့ ကျွန်တော် အမေ့ရင်ခွင်ကို အမြန်ဆုံး ပြန်လာခဲ့မှာပါ။ ပြန်လာတဲ့အခါ အမေ့ရင်ခွင်ကို နောက်တစ်ချိန် ခိုလှုံခွင့်ရတော့မှာ မဟုတ် ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ကို ကျွန်တော့်အနေနဲ့ နောက်တစ်ကြိမ် ဖြေခွင့်မှမရတော့တာ။ မည်သို့ပင်ဖြစ်ပါစေ ကျွန်တော်ကတော့ အမေ့ရင်ခွင်ကို အလွမ်းပြေလေးတော့ အရောက်လာခဲ့မှာပါ။ အဲ့ဒီအခါ ကျရင်တော့ အမေ ကျွန်တော့်ကို သူစိမ်းတစ်ယောက်လို မဆက်ဆံပါနဲ့လို့ ကြိုတင်တောင်းပန်ထားပါရစေ အမေရယ်။
ကျွန်တော်က အမေ့ရင်ခွင်ပျောက်နေတဲ့သူ တစ်ယောက်ရယ်ပါ။ ဘယ်သူတွေဘာပြောပြော ကျွန်တော့် ကိုတော့ အမေမစိမ်းကားလိုက်ပါနဲ့။ ကျွန်တော့်မှာ ခံနိုင်ရည် စွမ်းအား မရှိလို့ပါ။ အမေ့ရင်ခွင်ကို နောက်တစ်ကြိမ် ခိုလှုံခွင့် မရတော့ပေမဲ့ ကျွန်တော်လွမ်းတဲ့အခါ အမေ့ကို အာရုံပြုပြီး ရောက်တဲ့နေရာကနေ အမေ လို့တော့ အော်ခေါ်ခွင့်လေး ပေးပါ အမေရယ်။ ကျွန်တော့်မှာ အမေ့ကို တမ်းတခွင့်၊ အော်ခေါ်ခွင့်တော့ ရှိပါတယ်နော်။ အမေ ကျွန်တော့် အာခေါင်တွေ ခြောက်ကပ်လို့ ရင်ကွဲပြီး သွေးထွက်သွားပါစေ အမေ ဆိုတဲ့ အော်ခေါ်သံလေးကို ကျွန်တော်ချစ်တဲ့ အမေတစ်ယောက် ကြားနိုင်ပါစေလို့ ...။ ။
ညီနောင်များ၏ကိုယ်စား...
တက္ကသိုလ်ကိုလော(ဟင်္သာတ)

နောင်တော်ကြီး ဦးသောပါကရဲ့ လက်ရာ

No comments:

Post a Comment